ရန်ကုန်၊ ပုဇွန်တောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းနဲ့ ဗိုလ်မြတ်ထွန်းလမ်းထောင့် မီးပွိုင့်အနီးမှာ ဒီဇင်ဘာ ၂၆ ရက်က ကွန်တိန်နာကားတစီး ဘရိတ်ပေါက်ပြီး လမ်းပေါ်မှာရှိနေတဲ့ ယာဉ် ၆ စီးကို ဆင့်တိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ညနေ ၃ နာရီ ၂၀ မိနစ်ခန့်က မဟာဗန္ဓုလတံတားပေါ်က ဆင်းလာတဲ့ ကွန်တိန်နာကားဟာ ဘရိတ်ပေါက်ပြီးဆင်းလာတဲ့အရှိန်နဲ့ လမ်းဘေးရပ်ထားတဲ့ကားတွေနဲ့ လမ်းပေါ်သွားလာနေတဲ့ကား အပါအဝင် အားလုံးပေါင်း ၆ စီးကို ဆင့်တိုက်မိတာလို့ သိရပါတယ်။
မျက်မြင်တွေ့ရှိသူတဦးက “ကွန်တိန်နာကားက ဗန္ဓုလတံတားကဆင်းလာပြီး ပုဇွန်တောင်အိုးရှင်းရှေ့ ဘရိတ်ပေါက်တာ။ လမ်းမှာသွားနေတဲ့ ကားတွေရော၊ လမ်းဘေးမှာ ရပ်ထားတဲ့ကားတွေပါ ဝင်တိုက်သွားတယ်။ ကွန်တိန်နာမောင်းတဲ့ ဒရိုင်ဘာကတော့ ကားကိုထားပြီး ထွက်ပြေးသွားတယ်” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် လူထိခိုက်သေဆုံးတာ မရှိခဲ့ပေမဲ့ အိမ်စီးကား ၅ စီးနဲ့ တက္ကစီကားတစီး ပျက်စီးဆုံးရှုံးခဲ့ပြီး ကွန်တိန်နာယာဉ်မောင်းကတော့ ရှောင်ပြေးသွားတယ်လို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။