ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် အရှေ့ဘက်ဒေသတွေမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA က ကား၊ ဆန်စက်၊ ဆီစက်တွေကို အခွန်ကောက်နေလို့ အခက်ကြုံတွေ့နေရတယ်လို့ ဆန်စက်ပိုင်ရှင်တဦးက ပြောပါတယ်။
ကားကြီးတစီး ကျပ် ၂ သိန်း၊ ကားငယ်၊ ထော်လာဂျီက တစီး ၁ သိန်း၊ ဆန်/ဆီစက်အကြီး ၅ သိန်း၊ ဆန်/ဆီစက်အသေး ကျပ် ၂၅၀,၀၀၀ စသဖြင့် ကောက်ခံနေတယ်လို့ သိရပါတယ်။
ဆန်စက်ပိုင်ရှင်တဦးက “သူတို့ကောက်တာ ဒီနှစ်က နှစ်ခါရှိပါပြီ။ ခုမှ တခေါက် ပြန်ကောက်တာ။ သူတို့ကောက်တာ အပြည့်အဝ မထည့်နိုင်တော့ လူအင်အားနဲ့ လက်နက်နဲ့ လာပြီး အိမ်အထိ လာတောင်းတယ်”လို့ ပြောပါတယ်။
ဆီဆိုင်မြို့အရှေ့ဘက် လွယ်ပွတ်၊ ကောင်ပန်တင်း၊ လွယ်ဆံဆစ်၊ နမ်းဟူ၊ လွယ်မန်း စတဲ့ ကျေးရွာ ၁၀ ရွာကျော်မှာ ကောက်ခံနေကြောင်း သိရပါတယ်။
ဆီဆိုင်မြို့နယ် အရှေ့ဘက် ရွာတရွာက ဒေသခံလူငယ်တဦးကလည်း “သူတို့ အခုလို ကောက်တော့ ပအိုဝ်းဒေသမှာ ကလေးတွေရဲ့ ပညာရေး၊ ဖွံဖြိုးရေး စတဲ့ လူထုအကျိုးပြုအလုပ် ပြန်လုပ်ခိုင်းစေချင်တယ်။ ပိုက်ဆံကောက်တာက နှစ်နဲ့ချီနေပြီ” လို့ ပြောပါတယ်။
ပအိုဝ်းဒေသမှာ လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ရှိပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO/PNA နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် PNLO/PNLA တို့ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာတော့ နှစ်ဖွဲ့စလုံး စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ပအိုဝ်းဒေသတွေမှာ ဆက်ကြေးကောက်ခံတာနဲ့ စစ်သားစုဆောင်းရေးတွေကို တွင်တွင်ကျယ်ကျယ် ပြုလုပ်လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်.။
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင်းက ကျေးရွာတွေမှာ ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူတွေဆီကနေ အခွန်အခကောက်ခံတာတွေရှိတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဒုဥက္ကဋ္ဌ-၁ ခွန်ထွန်းတင်က ဒီဗွီဘီကို ပြောပါတယ်.။