ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ ဒီဇင်ဘာ ၂၈ ရက် ညက စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ မွတ်ဆလင်လူမျိုး ၅ ယောက် သေဆုံးကာ ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဘူးသီးတောင်မြို့နယ် စေတီတောင်(မွတ်ဆလင်) ကျေးရွာကို ဒီဇင်ဘာ ၂၈ ရက် ည ၈ နာရီလောက်မှာ သုံးဆယ့်တဘုံ စေတီကုန်းမှာ တပ်စွဲထားတဲ့ ခလရ ၂၀၉ တပ်ရင်းက လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့လို့ ဦးဇာဖော့ရဲ့ နေအိမ်မှာ ကျရောက်ပေါက်ကွဲကာ နေအိမ် မီးလောင်ကျွမ်းခဲ့တယ်လို့ ဘူးသီးတောင်မြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
အဲဒီလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဦဇာဖော့ အပါအဝင် မွတ်ဆလင် အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၁ ယောက် သေဆုံးခဲ့ကာ ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ နေအိမ်မှာ တိုက်ရိုက်ကျရောက် ပေါက်ကွဲခဲ့တာကြောင့် မီးလောင်ကျွမ်းခဲ့ကာ ဦးဇာဖော့ရဲ့ အလောင်းကိုသာ ရရှိလိုက်ပြီး ကျန်တဲ့သူ ၄ ယောက်ကတော့ မီးလောင်တဲ့အထဲမှာ ပါသွားကြတာလို့ ပြောပါတယ်။
ဘူးသီးတောင်မြို့နယ်မှာ ဒီဇင်ဘာ ၂၇ ရက် မနက်ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့မှာလည်း ဒီဇင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူ ၂ ယောက် ဒဏ်ရာရရှိခဲ့ကာ နေအိမ်တအိမ် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပုဏ္ဏားကျွန်းမြို့မှာ ဒီဇင်ဘာ ၂၈ ရက် နေ့လယ် ၁၂ နာရီလောက်က ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀ တပ်ရင်းက လက်နက်ကြီး ၁၀ ချက်ထက်မနည်း ပစ်ခတ်ခဲ့ကာ လက်နက်ငယ်တွေ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ ပုဏ္ဏားကျွန်းမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
အဲဒီလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ပုဏ္ဏားကျွန်းမြို့ ရွာဟောင်းပိုင်းရပ်ကွက်က အသက် ၄၃ နှစ်အရွယ် ဦးသိန်းစောဝင်းရဲ့ ဝမ်းဗိုက်မှာ ဒဏ်ရာရရှိခဲ့ကာ အိမ်နီးနားချင်းဖြစ်တဲ့ အသက် ၂၈ နှစ်အရွယ် ကိုပေါက်စရဲ့ ခြေထောက်တွေမှာ ဒဏ်ရာရရှိခဲ့ပြီး ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် ကွန်းတောင်ကျေးရွာကိုလည်း ဒီဇင်ဘာ ၂၈ ရက် မွန်လွဲပိုင်းမှာ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ ပြည်သူတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းက တကျော့ပြန်တိုက်ပွဲတွေ ပြန်လည် စတင်ပြီးနောက်ပိုင်း ရသေ့တောင်၊ စစ်တွေ၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီတပ်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ နေ့ရောညပါ ပစ်ခတ်ခဲ့တာကြောင့်ေပြည်သူ ၅၀ ကျော် သေဆုံးကာ ၁၃၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။