တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ တခြားမြို့နယ်တွေကနေ ရွှေ့ပြောင်းနေထိုင်လာကြသူတွေဟာ အိမ်ငှားတဲ့အခါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရဲ့ ထောက်ခံချက်ပါမှ နေထိုင်ခွင့်ရှိတယ်လို့ မြိတ်မြို့ကို ပြောင်းရွှေ့နေထိုင်လာကြသူတွေက ပြောပါတယ်။
အဆိုပါထောက်ခံချက်ရဖို့အတွက် တခြားမြို့နယ်မှ မြိတ်ကို ရွှေ့ပြောင်းနေထိုင်လာကြသူတွေက အုပ်ချုပ်ရေးမှူးရုံးတွေထံ သွားရောက်စစ်ဆေးပြီးမှ ပိုက်ဆံပေးရတယ်လို့ ဆိုပါတယ်။
အမည်မဖော်လိုသူ အမျိုးသားတဦးက “အရင်ကဆို အိမ်ငှားရင် ဘာထောက်ခံချက်မှ မလိုဘူး။ အိမ်ရှင်နဲ့ အိမ်ငှားကြား အဆင်ပြေရင် ရပြီလေ။ အခုက တခြားမြို့နယ်ကလာတဲ့သူတွေဆို အိမ်ငှားဖို့အတွက် အုပ်ချုပ်ရေးမှူးရုံးမှာ ထောက်ခံချက် သွားတောင်းရတယ်။ ထောက်ခံချက်ရဖို့အတွက် ပိုက်ဆံပေးရတယ်။ ပိုက်ဆံက ဘယ်လောက်လဲဆိုတာ တိတိကျကျ သတ်မှတ်ထားတာမျိုးတော့ မရှိဘူး။ ကျနော်တို့မှာဆို သုံးသောင်းပေးရတယ်” လို့ ပြောပါတယ်။
အခုလိုမျိုး ရွှေ့ပြောင်းနေထိုင်လာကြသူတွေဟာ စစ်အုပ်ချုပ်ရေး ကြေညာခံထားရပြီး မကြာခဏ တိုက်ပွဲဖြစ်ပွားနေတဲ့ ပုလောမြို့နယ်နဲ့ တနင်္သာရီမြို့နယ်က ဒေသခံတွေအပြင် စစ်အုပ်ချုပ်ရေး ကြေညာမခံထားရတဲ့ ကျွန်းစုမြို့နယ်ရှိ ကျေးရွာတချို့မှ ဒေသခံတွေလည်း ပါတယ်လို့ သိရပါတယ်။
“တခြားမြို့နယ်မှ ပြောင်းရွှေ့လာတဲ့သူတွေပဲ စစ်ဆေးခံရတာပါ။ အရင်ကတည်းက မြိတ်မြို့မှာနေထိုင်ပြီး ရပ်ကွက်အတွင်း ပြောင်းရွှေ့ အိမ်ငှားနေထိုင်သူတွေကျတော့ ရာအိမ်မှူးဆီ အသိပေးရတယ်။ အုပ်ချုပ်ရေးမှူးရုံးအထိ မရောက်ဘူး” လို့ မြို့ခံတဦးက ပြောပါတယ်။
မြိတ်မြို့မှာ တခြားမြို့နယ်ကနေ ပြောင်းရွှေ့နေထိုင်လာကြသူတွေဟာ ဧည့်စာရင်းတိုင်တဲ့အခါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ပိုက်ဆံပေးနေရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်လောက်ကစပြီး မြိတ်မြို့အဝင် စစ်ဆေးရေးဂိတ်တွေမှာ ၆/ပလန မှတ်ပုံတင် ကိုင်ဆောင်ထားတဲ့ ခရီးသည်တွေကို မှတ်ပုံတင်၊ အိမ်ထောင်စု၊ ကိုယ်နေထိုင်ရာ ပုလောမြို့နယ်က ရပ်ကွက်ထောက်ခံစာနဲ့ ကိုယ်သွားတည်းမယ့် အသိမိတ်ဆွေရဲ့ အာမခံချက်တွေကို အစစ်အဆေးခံပြီးမှ မြို့ထဲဝင်ခွင့်ရှိတယ်လို့ ပုလောဒေသခံတဦးက ပြောပါတယ်။
မြိတ်မြို့မှာ စစ်ကောင်စီနဲ့ လက်အောက်ခံ အုပ်ချုပ်ရေးမှူး၊ ပျူစောထီးတွေက တခြားမြို့နယ်မှ ပြောင်းရွှေ့နေထိုင်လာကြသူတွေကို ပိုမိုစစ်ဆေးတင်းကျပ်လာတာကြောင့် တချို့မှာ မြို့အတွင်း မနေထိုင်ရဲတော့ဘဲ မြိတ်မြို့နယ်ထဲရှိ တခြားကျေးရွာတွေဆီသို့ ရွှေ့ပြောင်းနေထိုင်ကြတယ်လို့ သိရပါတယ်။