တရုတ် စမတ်ဖုန်းထုတ်လုပ်သူ ရှောင်းမီကုမ္ပဏီဟာ သူ့ရဲ့ ပထမဆုံး လျှပ်စစ်ကားကို ဒီဇင်ဘာ ၂၈ ရက်က ထုတ်ပြလိုက်ပြီး ကမ္ဘာ့ထိပ်တန်း လျှပ်စစ်ကား EV ကားထုတ်လုပ်တဲ့ ကုမ္ပဏီ ၅ ခုထဲက တခုဖြစ်လာဖို့ ရည်ရွယ်ထားတယ်လို့ မဆိုင်းမတွ ကြေညာလိုက်ပါတယ်။
Speed Ultra ရဲ့ အတိုကောက် SU စာလုံးတွေနဲ့ SU7 လို့ နာမည်ပေးထားတဲ့ ဆီဒင်ကားဟာ အမှုဆောင်အရာရှိချုပ် လေ့ဂျွန်က အလွန်ကို အမွှမ်းတင်ထားတဲ့ မော်ဒယ်ဖြစ်ပြီး တက်စ်လာက ကားတွေနဲ့ ပေါ်ရှေးက လျှပ်စစ်ကားတွေထက် အရှိန်အဟုန်ပိုမြန်အောင် စွမ်းဆောင်နိုင်တဲ့ “စူပါလျှပ်စစ်မော်တာ” နည်းပညာ ပါရှိတယ်လို့လည်း ဆိုပါတယ်။
ရှောင်းမီဟာ ဘက်ထရီအပိုင်းအတွက် သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးထားပြီး ဘက်ထရီတွေရဲ့ စွမ်းဆောင်ရည်နဲ့ အရည်အသွေးကို အာမခံဖို့အတွက် ရှောင်းမီရဲ့ ကိုယ်ပိုင် အီလက်ထရွန်နစ် စက်ရုံကိုလည်း တည်ဆောက်ထားပါတယ်လို့ လေ့ဂျွန်က ပြောပါတယ်။
လပိုင်းကာလတွေအတွင်း ရောင်းချနိုင်ဖွယ်ရှိတဲ့ ဒီကားရဲ့ ဈေးနှုန်းကိုတော့ မကြေညာသေးပါဘူး။
ကမ္ဘာ့အကြီးဆုံး ကားဈေးကွက်ဖြစ်တဲ့ တရုတ်ရဲ့ မော်တော်ယာဥ်ဈေးကွက်ဟာ စွမ်းဆောင်ရည်ကျဆင်းနေပြီး ဝယ်လိုအား နှေးကွေးနေချိန်မှာ ဒီကားဟာ ဈေးနှုန်းစစ်ပွဲကို ဆူပွက်အောင် နှိုးဆွပေးလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
တရုတ်နိုင်ငံရဲ့ ပဉ္စမမြောက်အကြီးဆုံး စမတ်ဖုန်းထုတ်လုပ်ရေး ကုမ္ပဏီကြီးဟာ စမတ်ဖုန်းတွေကို ဝယ်လိုအား တုံ့ဆိုင်းနေချိန်မှာ သူ့ရဲ့ အဓိကစီးပွားရေးလုပ်ငန်းကနေ တခြားလုပ်ငန်းနယ်ပယ်ကို ကွဲထွက်သွားနိုင်ဖို့ ကြိုးပမ်းနေတာပါ။
လျှပ်စစ်ကား EV တွေကို တီထွင်ဖို့အတွက် မော်တော်ကားထုတ်လုပ်သူတွေနဲ့ ပူးပေါင်းထားတဲ့ တခြား တရုတ်နည်းပညာကုမ္ပဏီတွေထဲမှာ ဟွာဝေ တယ်လီကွန်းကုမ္ပဏီကြီးနဲ့ ဘိုင်ဒူ ရှာဖွေရေးအင်ဂျင် ကုမ္ပဏီတွေလည်း ပါဝင်နေပါတယ်။
တရားဝင်အချက်အလက်တွေအရ တရုတ်နိုင်ငံဟာ မော်တော်ယာဥ်နဲ့ EV ရောင်းချမှုမှာ ကမ္ဘာကို ဦးဆောင်နေပြီး နိုင်ငံမှ ဘက်ထရီစွမ်းအင်သုံး မော်တော်ကားတွေဟာ ကမ္ဘာလုံးဆိုင်ရာ ရောင်းချမှုအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းလောက်ရှိကြောင်း သိရပါတယ်။
Source/Photo-REUTERS/Florence Lo