အင်ဒိုနီးရှားနိုင်ငံရဲ့ အနောက်ဘက်အကျဆုံး အာချေးပြည်နယ်ဆီကို ရိုဟင်ဂျာဒုက္ခသည်တွေ လူမှောင်ခိုကူးခံရတာနဲ့ ပတ်သက်လို့ သံသယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတယောက်နဲ့ ရိုဟင်ဂျာတယောက်တို့ကို ဖမ်းဆီးထားတယ်လို့ ဒီဇင်ဘာ ၂၇ ရက်မှာ အင်ဒိုနီးရှားရဲတပ်ဖွဲ့က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
သံသယရှိသူ ဒီပုဂ္ဂိုလ် ၂ ဦးဟာ ဒီဇင်ဘာလ အစောပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေကနေ ရိုဟင်ဂျာ ၄၀၀ ထက်မနည်းကို လူမှောင်ခိုကူးမှုအတွက် တာဝန်ရှိတဲ့ စက်လှေသမားတွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး သူတို့ဟာ အင်ဒိုနီးရှားကမ်းရိုးတန်းကို ဆိုက်ရောက်လာခဲ့ပြီး ရက်အနည်းငယ်အကြာမှာ ဖမ်းဆီးခံခဲ့ရတာပါ။
အာချေးပြည်နယ် ရဲအရာရှိ ဖာဒီလာအာဒိတယာ ပရာတာမာက “ရိုဟင်ဂျာဒုက္ခသည်တွေဟာ အကူအညီမဲ့နေတာမျိုး မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်ကနေ အင်ဒိုနီးရှားကို ရည်ရွယ်ချက်ရှိရှိ ခိုးသွင်းတာဖြစ်ပြီး ဒါဟာ သူတို့တွေ့ရှိရတဲ့ ရာဇဝတ်မှုဖြစ်ကြောင်း အတည်ပြုလို့ရတယ်” လို့ ဆိုပါတယ်။
အစောပိုင်းမှာ ဖမ်းမိခဲ့တဲ့ တရားခံတွေဆီကနေ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဘင်္ဂလားဒေ့ရှ်ကနေ အင်ဒိုနီးရှားကို ရိုဟင်ဂျာတွေ ပို့ဆောင်ပေးနိုင်ရင် တာကာငွေ ၇၀,၀၀၀ ဒါမှမဟုတ် ၆၃၆ ဒေါ်လာ ပေးချေရမယ်လို့ ကတိရှိထားတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာလကစလို့ အင်ဒိုနီးရှားမှာ ရိုဟင်ဂျာ ၁,၂၀၀ ကျော် ဆိုက်ရောက်လာခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) က ပြောပါတယ်။
ရိုဟင်ဂျာလှေစီးဒုက္ခသည်တွေကို အင်ဒိုနီးရှားမှာ ဒေသခံတွေက လက်မခံလိုဘဲ ရန်လိုမှုတွေနဲ့လည်း ကြုံတွေ့နေရသလို အာချေးကမ်းခြေတွေဆီကို ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည် စက်လှေတွေ အရေအတွက် ထပ်တိုးလာနေတာတွေကိုလည်း စိတ်ပျက်နေကြပါတယ်။
Source/Photo-Reuters