ခရိုင်းမီးယားကျွန်းဆွယ်ရှိ ရုရှားရဲ့ ကမ်းတက်စစ်သင်္ဘောကြီးတစ်စင်းကို ယူကရိန်းက ခရုဇ်ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ လူတစ်ဦးထက်မနည်း သေဆုံးပြီး ပင်လယ်နက်ကမ်းရိုးတန်းတလျှောက် ယူကရိန်းပိုင်နက်ကို ထပ်သိမ်းဖို့ ရုရှားရဲ့ ကြိုးပမ်းချက် မှန်သမျှကို ဟန့်တားနိုင်ခဲ့ပါတယ်။
ခရိုင်းမီးယားဆိပ်ကမ်း ဖှေအိုဒိုစီယာကို တိုက်ခိုက်ဖို့ ယူကရိန်းက ဝေဟင်ပစ် ဒုံးကျည်တွေကို သုံးခဲ့ပြီး နိုဗိုရှာကက်စ်ခ် ကမ်းတက်သင်္ဘောကြီး ပျက်စီးသွားတယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကို ကိုးကားပြီး ရုရှားအခြေစိုက် အင်တာဖက်စ် သတင်းဌာနမှာ ဖော်ပြပါတယ်။
တင့်ကားတွေ သံချပ်ကာ ကားတွေကို တင်နိုင်ပြီး စစ်တပ် အဖွဲ့ဝင်တွေ ကမ်းခြေကို ဆင်းသက်နိုင်ရေး သုံးလို့ ရတဲ့ ဒီစစ်သင်္ဘောက တာဝန် ပြန်ထမ်း ဆောင်နိုင်ဖို့ ခက်လိမ့်မယ်လို့ ယူကရိန်းလေတပ်ပြောရေးဆိုခွင့်ရှိသူ ယူရီ အင်းနက်က ပြောပါတယ်။
ယူကရိန်းဟာ တိုက်ခိုက်မှုအတွင်း ခရုဇ်ဒုံးကျည်တွေကို သုံးခဲ့ပြီး ဘယ်အမျိုးအစားဆိုတာ မဖော်ပြခဲ့ဘူးလို့ အင်းနက်က ပြောပါတယ်။
ဗြိတိန်နဲ့ ပြင်သစ်နှစ်နိုင်ငံစလုံးက ယူကရိန်းအစိုးရကို အဲဒီလို ဒုံးကျည်တွေ ထောက်ပံ့ပေးခဲ့ပါတယ်။
ယူကရိန်းဟာ အရင် တိုက်ခိုက်မှုတွေတုန်းက သင်္ဘောကျင်းတွေ၊ သင်္ဘောတွေ၊ ဆီဗက်စတိုပိုမြို့ရဲ့ အဓိကဆိပ်ကမ်း၊ လေယာဉ်ကွင်းတွေ၊ ပင်မပင်လယ်နက် တပ်မဟာရဲ့ ရုံးချုပ် အဆောက်အအုံ၊ ရုရှားတောင်ပိုင်းနဲ့ ခရိုင်းမီးယား ကျွန်းဆွယ်ကို ဆက်သွယ်ထားတဲ့ တံတားတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။
ယူကရိန်းနိုင်ငံရဲ့ စီးပွားရေးမှာ သိသိသာသာ အရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်တဲ့ စိုက်ပျိုးရေးနဲ့ သံမဏိတင်ပို့မှုအတွက် အဓိက တင်ပို့ရေး လမ်းကြောင်းဖြစ်တဲ့ ယူကရိန်း ကနေ ပင်လယ်နက်ဆီ ဝင်တဲ့လမ်းကြောင်းကို တားဖို့ စစ်ပွဲတစ်လျှောက်မှာ ရုရှားဟာ သူ့ရဲ့ သင်္ဘောအုပ်စုကို သုံးခဲ့ပါတယ်။
ယူကရိန်းလေတပ်က လေယာဉ်မှူးတွေက ဒေသစံတော်ချိန် မနက် ၂ နာရီခွဲမှာ ဖီအိုဒိုစီယာကိုတိုက်ခိုက်ခဲ့ပြီး ကမ်းတက်စစ်သင်္ဘောကို ဖျက်ဆီး ခဲ့တယ်လို့ ပြောပါတယ်။
လူဦးရေ ၆၀၀၀၀ ဝန်းကျင်ရှိတဲ့ ဖီအိုဒိုစီယာမြို့ဟာ ခရိုင်းမီးယား ကျွန်းဆွယ်ရဲ့ တောင်ဘက်ကမ်းခြေမှာ ရှိပါတယ်။
Source/Photo - Reuters