ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်ရဲ့ ထောင်ဘူးဝရှေ့မှာ ဒီဇင်ဘာ ၂၇ ရက် ဒီနေ့လယ် ၁ နာရီခွဲလောက်က ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ထောင်အနီးနားနေသူတွေထံက သိရပါတယ်။
အင်းစိန်အကျဉ်းထောင်ရဲ့ ထောင်ဘူးဝရှေ့မှာ ရပ်ထားတဲ့ ကားတစီးအောက်ကနေ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ကားနှစ်စီးလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
အင်းစိန်ထောင်အနီး နေထိုင်သူတဦးက “Mark 2 ကားရဲ့အောက်ကနေ ထပေါက်တာပါ။ ကားနှစ်စီးထိတယ်၊ အသံက တော်တော်ကျယ်တယ်။ ဘေးနားရှိတဲ့ လူတချို့တော့ မှန်စတွေ ထိကြတယ်။ လူထိခိုက်သေဆုံးမှုတော့ မတွေ့ခဲ့ရဘူး” လို့ ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ထောင်ဘူးဝရှေ့ လမ်းပိတ်ထားပြီး စစ်သားတွေနဲ့ ရဲတွေ ပိတ်ဆို့စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဗုံးပေါက်ကွဲပြီးနောက် အင်းစိန်ထောင်အနီးက ဈေးဆိုင်ခန်းတွေလည်း ပိတ်သိမ်းလိုက်ကြပြီး လမ်းသွားလမ်းလာ လူငယ်တချို့ကို ခေါ်ယူစစ်ဆေး မေးမြန်းနေတာမို့ အသွားအလာလည်း နည်းသွားတယ်လို့ သိရပါတယ်။