ဆီးရီးယားရှိ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ရဲ့ စစ်မှုထမ်းဟောင်း တပ်မှူး ဆေးယတ်ရာဇီမူဆာဗီကို လုပ်ကြံသတ်ဖြတ်မှုအတွက် အစ္စရေးက တန်ရာတန်ကြေး ပြန်ပေးရမယ်လို့ အီရန်က သတိပေးလိုက်ပါတယ်။
စစ်ရေးအကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မူဆာဗီဟာ ဆီးရီးယားမြို့တော် ဒမတ်စကတ်မှာ အစ္စရေးရဲ့ ဒုံးကျည်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြောင်း IRGC က တနင်္လာနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဆီးရီးယားရှိ ခုခံရေးရှေ့တန်းကို ကျောထောက်နောက်ခံပြုရာမှာ တာဝန်ရှိတဲ့ မူဆာဗီဟာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလက ဘဂ္ဂဒက် နိုင်ငံတကာလေဆိပ်အနီး ဒရုန်းတိုက်ခိုက်မှုအတွင်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ကွယ်လွန်သူ အီရန်တပ်မှူး ကာဆမ်ဆူလေမာနီရဲ့ ရဲဘော်တွေထဲက တဦးလည်းဖြစ်ပါတယ်။
အစ္စရေးဟာ ဒီရာဇဝတ်မှုအတွက် တန်ရာတန်ကြေး ပေးဆောင်ရမယ်လို့ IRGC ရဲ့ ထုတ်ပြန်ချက်မှာ အလေးပေး ပြောကြားထားပြီး အီရန်ကာကွယ်ရေးဝန်ကြီးဌာနကလည်း အဲဒီလုပ်ရပ်ကို အကြမ်းဖက်ရာဇဝတ်မှုလို့ မနေ့က တုံ့ပြန်ခဲ့ပါတယ်။
သင့်တော်တဲ့အချိန်နဲ့ နေရာအလိုက် သင့်လျော်တဲ့နည်းလမ်းနဲ့ တုံ့ပြန်သွားမှာဖြစ်ကြောင်း အီရန်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ရေဇာ တာလေ့နစ်ခ်က တီဟီရန်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အစ္စရေးရဲ့ မလိုလားအပ်တဲ့ ရန်ဘက်ပြုတဲ့ လုပ်ဆောင်မှုဟာ ဒေသတွင်းမှာ သူ့ရဲ့ စိတ်ပျက်အားငယ်မှု၊ အားနည်းမှုနဲ့ အကူအညီမဲ့မှုတို့ကို ပုံစံတမျိုးနဲ့ ပြသတာဖြစ်ကြောင်း အီရန်သမ္မတ အီဘရာဟင်မ် ရိုင်စီက တနင်္လာနေ့မှာ ပြောဆိုသွားပါတယ်။
အခုလအစောပိုင်းတုန်းကလည်း IRGC က ကြေညာချက် ထုတ်ပြန်ခဲ့ရာမှာ ဆီးရီယားရဲ့ အစ္စလာမ္မစ်တော်လှန်ရေး စစ်မျက်နှာမှာ အကြံပေး မစ်ရှင်တခု လုပ်ဆောင်နေတုန်း သူ့ရဲ့စစ်မှုထမ်း ၂ ဦးကို အစ္စရေးတပ်ဖွဲ့ဝင်တွေက သတ်ဖြတ်ခဲ့ကြောင်း ဆိုထားပါတယ်။
အီရန်ဟာ ဆီးရီးယားမှာ အကြံပေးအခန်းကဏ္ဍ ရှိနေပြီး ဒမတ်စကတ်ရဲ့ တောင်းဆိုချက်အရ နိုင်ငံမှာရှိနေကြောင်း အီရန်က ပြောပါတယ်။
အစ္စရေးဟာ ဆီးရီးယားရှိ အီရန်နဲ့ ဆက်နွှယ်နေတဲ့ ရာထူးနေရာတွေကို နှစ်ပေါင်းများစွာ ပစ်မှတ်ထားနေခဲ့တာ ဖြစ်ပါတယ်။
Source/Photo-Reuters