Home
မြန်မာသတင်း
သထုံတွင် နနွင်းဝယ်ယူသူ နည်းပါးသဖြင့် တောင်သူများ အရှုံးပေါ်
DVB
·
December 27, 2023
Turmeric_27122023

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ထိန်းချုပ်နယ်မြေ တပ်မဟာ ၁ သထုံခရိုင်မှာ နနွင်းဝယ်ယူသူ နည်းပါးတာနဲ့ အထွက်နှုန်းမကောင်းလို့ အရှုံးပေါ်နေတယ်လို့ နနွင်းစိုက် တောင်သူတဦးက ပြောပါတယ်။

“မနှစ်က အများကြီး လာဝယ်ကြတယ်။ ဒီနှစ်ကတော့ လာဝယ်တဲ့ပွဲစား ရှားတယ်။ ကိုယ်တိုင်စိုက်တာ၊ တူးတာ လုပ်တဲ့သူကတော့ အရင်းပဲပြန်ရတယ်။ အခြောက်လုပ်ဖို့က ထင်းရှာတာနဲ့ ပြုတ်တာနဲ့ လူပင်ပန်းတာပဲရှိတယ်။”

အရင်နှစ်တုန်းက စျေးကောင်းရလို့ အခုနှစ် ပိုစိုက်ပျိုးခဲ့ပေမဲ့ လာဝယ်ယူတဲ့ပွဲစား ရှားပါးတာနဲ့ ကုန်စျေးနှုန်း တက်လာပေမဲ့ စျေးပိုမရတာတွေ ရှိပါတယ်။

နနွင်း ၁ ပိဿာကို စျေးနှုန်း အစိမ်း ၅၀၀ ကျပ်၊ အခြောက် ၁ ပိဿာ ၇,၀၀၀ ကျပ်ရှိကာ မနှစ်ကအတိုင်း မပြောင်းလဲဘဲ စျေးနှုန်းတည်ငြိမ်နေပြီး နေ့စားခကို အရင်ကနှစ်ကထက် ပိုပေးရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နနွင်းအငှားတူးပေးသူတဦးက “အခုနှစ် နနွင်းဥက သေးတယ်၊ မျိုးမသန်ဘူး။ တခင်းပဲ ဥကောင်းတာ ကြားတယ်။ မနှစ်ကထက် လုပ်အားခ ၁,၀၀၀ တိုးပေမဲ့ ကုန်စျေးနှုန်းကြောင့် မကာမိဘူး” လို့ ပြောပါတယ်။

အရင်နှစ်က တောင်ယာစပါးနေရာမှာ နနွင်းစျေးကောင်းလို့ အခုနှစ် ပိုစိုက်လာပေမဲ့ ဒီနှစ်မှာ ကုန်စျေးနှုန်း ကြီးမြင့်တာတွေကြောင့်နဲ့ ဝယ်ယူသူနည်းပါးလို့ တချို့စိုက်ခင်းတွေ နနွင်းကို မတူးဖော်ဘဲ နောက်နှစ်အတွက် မျိုးပင်ယူတာတွေလည်း ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024