ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၈ ယောက် သေဆုံးပြီး ၂၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) က ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲ ၁ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်နှစ်လုံးဟာ ကိုးကန့် တုန်ချိန်ရပ်ကွက် ဟွမ်ကွမ့်ဟိုတယ်အနီး ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသွားတဲ့ အရပ်သား လူနာတွေကို MNDAA စစ်ညွှန်ကြားရေးရုံးက ဆေးရုံကို ပို့ဆောင်ပြီး အရေးပေါ် ကုသကယ်ဆယ်ခဲ့ရတယ်လို့ ဆိုပါတယ်။
သေဆုံးသွားသူတွေကိုတော့ ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၂၃ ရက်အထိ ရှမ်းပြည်နယ် အထူးဒေသ ၁ နယ်မြေအတွင်း စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တာကြောင့် အရပ်သား ၅၅ ယောက် သေဆုံးခဲ့ပြီး အနည်းဆုံး ၄၀ ကျော် ဒဏ်ရာရရှိခဲ့ကာ နေအိမ်ရာချီ ဖျက်ဆီးခံရကြောင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) က ထုတ်ပြန်ပါတယ်။