အီရတ်နိုင်ငံထဲက စစ်စခန်းတွေကို အမေရိကန်က လေကြောင်းကနေ ညဘက် တိုက်ခိုက်ခဲ့လို့ စစ်မှုထမ်းတယောက် သေဆုံးပြီး တခြားလူ ၁၈ ယောက် ဒဏ်ရာရခဲ့တဲ့ လုပ်ရပ်ဟာ ရန်စတာရှင်းနေတဲ့ လုပ်ရပ်လို့ ပြောပြီး အီရတ်အစိုးရက ဒီဇင်ဘာ ၂၆ ရက်မှာ ပြစ်တင် ရှုတ်ချလိုက်ပါတယ်။
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တောင်ဘက် ဘာဘယ်လ်ပြည်နယ် ဟေးလာမြို့က လက်နက်ကိုင်အဖွဲ့ ခါတိုက်ဘ် ဟဇ်ဘိုလာရဲ့ ဌာနချုပ်ကို ပစ်မှတ်ထားပြီး ညတွင်းချင်း လက်တုံ့ပြန်တဲ့အနေနဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ အီရတ်တာဝန်ရှိသူတွေက ပြောပါတယ်။
အပျက်အစီးတွေ၊ မီးလောင်ထားတဲ့ကားတွေနဲ့ မြေပြင်အက်ကွဲကြောင်းတခုကို ဟေးလာမြို့ထဲမှာ တွေ့ရပါတယ်။
နောက်ပိုင်းမှာတော့ ဝမ်းနည်းပူဆွေးနေသူတွေဟာ ဘဂ္ဂဒက်မြို့တော်က ဈာပနအတွင်း ခါတိုက်ဘ် ဟဇ်ဘိုလာအဖွဲ့က တိုက်ခိုက်ရေးသမားရဲ့ ရုပ်အလောင်းကို သယ်ဆောင်လာခဲ့ကြပါတယ်။
အီရန်နဲ့မိတ်ဘက် စစ်သွေးကြွတွေက အရင်နေ့က ဒရုန်းနဲ့တိုက်ခိုက်လို့ အမေရိကန် စစ်မှုထမ်းတယောက် အကြီးအကျယ် ဒဏ်ရာရခဲ့ပြီး တခြား ၂ ယောက် ဒဏ်ရာရခဲ့လို့ အမေရိကန်က လက်တုံ့ပြန်တဲ့အနေနဲ့ ခုလို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။
အမေရိကန်ဟာ ဆီးရီးယားနိုင်ငံထဲမှာ စစ်သည်အင်အား ၉၀၀၊ အီရတ်နိုင်ငံထဲမှာ စစ်သည်အင်အား ၂,၅၀၀ တပ်ချထားပြီး အိုင်အက်စ် စစ်သွေးကြွတွေ တကျော့ပြန် နာလံထလာမယ့်ဘေးကနေ ဟန့်တားဖို့ ကြိုးစားနေတဲ့ ဒေသခံ စစ်တပ်တွေကို အကြံပြု ကူညီဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။
အိုင်အက်စ် စစ်သွေးကြွတွေဟာ ဆီးရီးယားနဲ့ အီရတ်မှာ အနှိမ်နင်းမခံရခင် ၂၀၁၄ ခုနှစ်က နှစ်နိုင်ငံလုံးက နယ်မြေအများအပြားကို သိမ်းယူခဲ့ဖူးပါတယ်။
Source/Photo-Reuters