တော်လှန်ရေးအရှိန်အဟုန်ထ ပန်းတိုင် လှမ်းကိုင်ခါနီးပြီမို့ အားတင်းလို့ ညီညီညာညာ ချီတက် ရှေ့ဆက်ကြရဦးမှာမို့ ကျန်းမာရေးသတိ အမြဲရှိကြရပါမယ်။ ဒီခရီး ဒီလမ်းမှာ လက်လှမ်းမီဆေးပညာက နွေဦးပြည်သူတို့နဲ့ ရင်ဘတ်ချင်း ထပ်တူရှိနေပါတယ်။
ဒီတပတ်မှာတော့ နွေဦးပြည်သူတို့အတွက် ရာသီပေါ် အစာအာဟာရတခုဖြစ်တဲ့ မြန်မာ ဇီးပင်ရဲ့ ဆေးဘက်ဆိုင်ရာ အကြောင်းတွေကို တင်ပြသွားပါမယ်။
ဇီးပင်ကို သိပ္ပံအမည်အားဖြင့် Ziziphus Jujuba လို့ခေါ်ပြီး အင်္ဂလိပ်Jujuba၊ Plume လို့ခေါ်ပါတယ်။ ဇီးပင်မျိုးကွဲ အမျိုးမျိုးရှိတဲ့အထဲက မြန်မာဇီးပင် (ဇီးချဥ်သီး) ကိုသာ ရည်ညွှန်းဖော်ပြသွားမှာ ဖြစ်ပါတယ်။ တချို့က “ဆီးပင်၊ ဆီးသီး” လို့ ရေးကြပေမဲ့ အခု “ဇီးပင်၊ ဇီးသီး” လို့စာ သိမြင်လွယ်အောင် ဖော်ပြသွားပါမယ်။
ဇီးသီးမှာ ပိုလီဆာခရိုက်၊ ပိုလီဖီနော၊ အမိုင်နိုအက်ဆစ်၊ နူကလီးအိုရိုက်၊ ဖက်တီးအက်ဆစ်၊ အမျှင်ဓာတ်၊ အယ်လ်ကာလွိုက်တွေနဲ့ တခြားအာဟာရဓာတ်တွေ အများအပြားပါဝင်ပြီး ကယ်လိုရီနည်းပါးတဲ့အပြင် အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝကာ ဗီတာမင်စီ ၇၇ ရာခိုင်နှုန်းနဲ့ ပိုတက်စီယမ် ၅ ရာခိုင်နှုန်း ပါဝင်တဲ့အတွက် ကျန်းမာရေး အကျိုးကျေးဇူးအတွက် များစွာ အထောက်အကူပြုပါတယ်။
ဇီးသီးမှာပါဝင်တဲ့ အာဟာရဓာတ်တွေနဲ့ ဓာတုဓာတ်ပေါင်းတွေက ကင်ဆာရောဂါကို ဆန့်ကျင်တာ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တာ၊ ဇီဝရောဂါပိုးတွေကို ဆန့်ကျင်တာ၊ ရောင်ရမ်းမှုကို တိုက်ဖျက်တာ၊ သွေးတွင်းအဆီလျော့ကျစေတာ၊ သွေးတွင်းသကြားဓာတ်ကို လျော့ကျစေတာ၊ ကိုယ်တွင်းခုခံအားစနစ် တိုးတက်စေတာ၊ အာရုံကြောကို ကာကွယ်မှုပေးတာ၊ စိတ်ငြိမ်ဆေးအာနိသင်ရှိတာနဲ့ စိုးရိမ်စိတ်ကို လျော့ပါးစေတာ၊ နာကျင်မှုကို သက်သာစေတာ အစာလမ်းကြောင်းကို ကောင်းမွန်စေတာ စတဲ့ အစွမ်းသတ္တိတွေပါဝင်ပါတယ်။
ဇီးသီးဟာ အမျိုးသမီးတွေအတွက် မျိုးပွားနိုင်စွမ်းကို ဆန့်ကျင်နိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်။ ဇီးသီးမှာ ရောင်ရမ်းမှုကို ဆန့်ကျင်ပြီး ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိရှိတဲ့ betulinic acid လည်း ပါဝင်ပါတယ်။
ဇီးသီးမှာ အစာချေဖျက်မှုကို ထိန်းညှိပေးတဲ့ အမျှင်ဓာတ်တွေ ပါဝင်တဲ့အတွက် ဇီးသီးကို ဟင်းလျာတွေမှာ ထည့်ပြီး ချက်ပြုတ်စားသောက်တာဟာ အစာချေစနစ်ကို တိုးတက်စေပြီး နာတာရှည်ဝမ်းချုပ်တာကို သက်သာစေတဲ့အပြင် အစာလမ်းကြောင်းအနာတွေကို သက်သာစေပါတယ်။ တနေ့ ဇီးသီး အနည်းဆုံး ၄-၅ လုံးခန့် စားသုံးပေးတာဟာ အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
ဇီးသီးမှာ serotonin နဲ့ melatonin ကဲ့သို့သော ဒြပ်ပေါင်းတွေ ကြွယ်ဝစွာပါဝင်ပြီး အိပ်စက်တာကို ထိန်းညှိပေးကာ စိတ်ကို ပြေလျော့စေပါတယ်။ ဇီးသီးမှာ စိတ်ငြိမ်ဆေးနဲ့ စိတ်ညှို့အာနိသင်ရှိတဲ့ saponins ဓာတ်လည်း ပါဝင်ပါတယ်။ ဇီးသီးရဲ့ စိတ်ငြိမ်ဆေး ဂုဏ်သတ္တိတွေက cortisol ဟော်မုန်းတွေကို ဟန်ချက်ညီစေကာ စိတ်ဖိစီးတာနဲ့ စိတ်ဓာတ်ကျတာ သက်သာစေတဲ့ အာနိသင်ရှိတာကြောင့် ဇီးသီးလက်တဆုပ်စာခန့်၊ ဇီးမှုန့်၊ ဇီးယိုတို့ကို စားပေးခြင်းဖြင့် စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျခြင်း လက္ခဏာတွေကို လျော့ပါးစေဖို့ အထောက်အကူ ပေးပါတယ်။ ဒါ့အပြင် စိတ်နဲ့ ခန္ဓာကိုယ် နှစ်ခုလုံးကို ပေါ့ပေါ့ပါးပါး ဖြစ်စေဖို့ ကူညီပေးပါတယ်။
အိပ်ယာမဝင်ခင် ဇီးသီးရည်ပူပူလေး ဖန်ခွက် ၁ ခွက် သောက်ခြင်းဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ပါတယ်။ ဇီးသီးဟာ ဦးနှောက်နဲ့ အာရုံကြောစနစ်အတွက် သဘာဝ အာဟာရဓာတ်စာတမျိုးလည်း ဖြစ်ပါတယ်။
ဇီးသီးမှာ ပိုတက်စီယမ်၊ ဖော့စဖရပ်စ်၊ မန်းဂနိစ်၊ သံဓာတ်နဲ့ ဇင့်ဓာတ်တွေ ကြွယ်ဝပြီး ဆိုဒီယမ် ပါဝင်မှု နည်းပါးတာကြောင့် သွေးကြောတွေကို ပြေလျော့စေတာ၊ သွေးကြောအတွင်း အဆီတွေ ပိတ်ဆို့ခြင်းမှ ကာကွယ်တာ၊ သံဓာတ်ကိုစုပ်ယူပြီး ဟေမိုဂလိုဘင် အရေအတွက်ကို မြှင့်တင်ပေးတာ၊ သွေးလှည့်ပတ်မှုစနစ်အတွင်း သွေးစီးဆင်းမှု မှန်ကန်စေခြင်းဖြင့် သွေးဖိအားကို ထိန်းညှိပေးပြီး နှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ ဇီးသီးဟာ နှလုံးကျန်းမာရေးအတွက် အကောင်းဆုံး အကျိုးပြုဓာတ်စာ တခုဖြစ်ပြီး ခွန်အားဖြစ်စေတဲ့ အာဟာရပစ္စည်းလည်း ဖြစ်ပါတယ်။
ဇီးသီးဟာ ဆဲလ်တွေယိုယွင်းမှုကို ပြုပြင်ပေးနိုင်တဲ့အတွက် အစားအသောက်တွေမှာ ဇီးသီးထည့်သွင်းစားသောက်ပေးခြင်းဖြင့် ဦးနှောက်မှတ်ဉာဏ်ဆိုင်ရာ လုပ်ဆောင်မှုကို တိုးတက်ကောင်းမွန်စေခြင်းဖြင့် အယ်လ်ဇိုင်းမားရောဂါ၊ မှတ်ဉာဏ်အားနည်းတာနဲ့ အာရုံကြော ချွတ်ယွင်းတာတွေကို ကာကွယ်ပေးပါတယ်။
ဇီးသီးမှာပါဝင်တဲ့ အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants) ဗီတာမင်အေနဲ့ ဗီတာမင်စီ အာဟာရဓာတ်တွေဟာ အန္တရာယ်ရှိတဲ့ အဆိပ်အတောက်တွေကို တိုက်ဖျက်ကာ ရောင်ရမ်းမှုဖြစ်စေတဲ့ cytokines ထုတ်လုပ်မှုကို ထိန်းညှိပေးခြင်းဖြင့် နာတာရှည် ရောင်ရမ်းမှုအန္တရာယ်ကို လျှော့ချပေးတဲ့အပြင် ဓာတ်မတည့်မှု ပြဿနာတွေကို ဆန့်ကျင် တိုက်ဖျက်ပေးပါတယ်။ ဇီးသီးနှစ်နဲ့ ဇီးစေ့ဆီ နှစ်မျိုးစလုံးမှာ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေကြောင့် ကြွက်သားကိုက်ခဲတာနဲ့ အဆစ်အမြစ်နာကျင်တာတွေမှာ လိမ်းဆေးအဖြစ် လိမ်းပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။
ဇီးသီးစားသောက်ပေးခြင်းဖြင့် ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး ထုံကျဥ်တာနဲ့ ရာသီအလိုက် အအေးမိ ဖျားနာတာတွေကို ကာကွယ်ပေးပါတယ်။ ဆီးကျိတ်ရောဂါကိုလည်း တားဆီးကာကွယ်ပေးပါတယ်။ ဇီးသီးမှာပါဝင်တဲ့ ကယ်လ်စီယမ်၊ ဖော့စဖရပ်နဲ့ မဂ္ဂနီဆီယမ် သတ္တုဓာတ်တွေက တွယ်ဆက်တစ်သျှူးတွေကို သန်မာစေကာ အရိုးပွခြင်း၊ အရိုးကြွပ်ဆတ်ခြင်းတို့ကို ကာကွယ်ပေးပြီး အရိုးတွေကို ကြံ့ခိုင်စေကာ အရိုးကျန်းမာရေး အတွက်လည်း အကျိုးပြုပါတယ်။
ဇီးသီးမှာ ကယ်လိုရီနဲ့ ကာဗိုဟိုက်ဒရိတ် နည်းပါးပြီး အဆီလုံးဝမပါဝင်ဘဲ အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ်များစွာ ပါဝင်တဲ့အတွက် အစာချေဖျက်မှုကို နှောင့်နှေးစေပြီး အချိန်အခါမဟုတ် ဆာလောင်မှုနဲ့ အစားစားလိုစိတ်ကို လျော့ပါးစေတဲ့အတွက် ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူ ဖြစ်စေပါတယ်။
ဇီးသီးမှာပါဝင်တဲ့ antioxidant ဒြပ်ပေါင်းတွေ saponins နဲ့ alkaloids ကြွယ်ဝမှုက သွေးတွင်းအန္တရာယ်ရှိ အဆိပ်အတောက်တွေကို ဖယ်ရှားပေးကာ သွေးကိုသန့်စင်ခြင်း လုပ်ဆောင်ရာမှာ ကူညီပေးပြီး သွေးနဲ့ပတ်သက်တဲ့ ရောဂါပေါင်းများစွာ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
ဇီးသီးမှာပါဝင်တဲ့ ဗီတာမင်စီနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ဓာတ်ကြွင်းပစ္စည်းတွေကို တိုက်ဖျက်ပြီး ဝက်ခြံ၊ အမည်းစက်တွေနဲ့ အမာရွတ်တွေ၊ အရေးအကြောင်းတွေကို ကုသပေးကာ အရေပြားဆဲလ် ဓာတ်တိုးမှုတွေကို ဟန့်တားပေးတဲ့အတွက် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို နှေးကွေးစေပြီး အသားအရေကို သဘာဝအတိုင်း ကြည်လင် တောက်ပစေပါတယ်။ ဒါ့အပြင် နှင်းခူနဲ့ အိုင်းအမာနာ ကဲ့သို့ အရေပြားရောဂါတွေကို သက်သာ ပျောက်ကင်းစေကာ အရေပြားကင်ဆာ ပြန့်ပွားမှုကိုလည်း တားဆီးပေးနိုင်စွမ်း ရှိပါတယ်။
ဇီးစေ့ဆီမှာ ပရိုတင်း၊ သတ္တုဓာတ်နဲ့ ဗီတာမင် ပမာဏ အများအပြား ပါဝင်တဲ့အတွက် ဆံပင်ကြီးထွားစေတဲ့သတ္တိ ရှိပါတယ်။ ဇီးစေ့ဆီကို အုန်းဆီနဲ့ ရောစပ်ပြီး ဦးရေပြားကို လိမ်းပေးခြင်းဖြင့် ဆံပင်ပေါက်မြန်စေပြီး ဆံပင်ကျွတ်ခြင်းမှ ကာကွယ်နိုင်ပါတယ်။
ဇီးသီးမှာ ဗီတာမင်စီ၊ phenolics၊ flavonoids၊ triterpenic acids၊ polysaccharides နဲ့ ဖောလစ်အက်ဆစ် ကြွယ်ဝစွာပါဝင်ပြီး သွေးဆဲလ်တွေ မွေးဖွားခြင်းနဲ့ သန္ဓေသားဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးတဲ့အပြင် ကလေးဦးနှောက်ဖွံ့ဖြိုးမှုနဲ့ သိမြင်မှုဆိုင်ရာ လုပ်ဆောင်မှုတွေအတွက် အရေးကြီးတဲ့ ဇင့်ဓာတ် ပါဝင်ပါတယ်။
ဇီးသီးဟာ မိခင်နို့မှ အဆိပ်သင့်ဒြပ်စင်တွေ ပါဝင်မှု နည်းပါးစေပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဇီးသီးစားသောက်ပေးခြင်းဖြင့် အသည်းကျန်းမာရေးကိုလည်း အထောက်အကူ ပြုနိုင်ပါတယ်။ဇီးသီးစိမ်း စားသုံးခြင်းဖြင့် အစာမကြေတာနဲ့ ဝမ်းချုပ်တာတွေကို သက်သာစေပါတယ်။
အချိန်ကြာကြာ ဗိုက်ပြည့်နေစေပြီး ကိုယ်အလေးချိန်ကျဖို့ ကူညီပေးနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ် လျော့ကျစေနိုင်ပါတယ်။ အူမကြီးကင်ဆာလို ရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
ပင်စည်အခေါက် သွေးရည်ကို အုန်းဆီနဲ့ ဦးရေပြားမှာ လိမ်းပေးခြင်းဖြင့် ဆံပင်ကို ကျန်းမာစေပြီး ဘောက်ထတာကို လျော့ပါးသက်သာစေပါတယ်။
ဇီးရွက်သတ္တုရည်ကို ထိခိုက်ပေါက်ပြဲနာတွေမှာ လိမ်းပေးခြင်းဖြင့် အနာကျက်မြန်စေပါတယ်။ ပြည်တည်နာတွေမှာ ဇီးရွက်ကိုထုထောင်းပြီး အုံပေးထားခြင်းဖြင့် ပြည်ကို သန့်စင်စေပြီး ပိုးဝင်တာကို ဟန့်တားပေးပါတယ်။
ဇီးအစေ့အဆန်တွေက အိပ်ချိန်နဲ့ အရည်အသွေးကို တိုးမြင့်စေကြောင်း တွေ့ရှိရပါတယ်။ သွေးတွင်းအဆီကို လျော့ကျစေပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ဇီးသီးရေနွေးကြမ်း တနေ့ ၂ ကြိမ်လောက် သောက်ပေးခြင်းဖြင့် ဟော်မုန်းထိန်းညှိမှုကို မျှတစေပြီး ကိုယ်တွင်းခုခံအားကို တိုးတက်စေကာ နာတာရှည်ရောဂါတွေကို ကာကွယ်ပေးနိုင်တာနဲ့ ကင်ဆာဖြစ်နိုင်ခြေကို လျှောချပေးနိုင်တာ၊ အမျိုးသမီးတွေ မီးယပ်သွေးဆုံး လက္ခဏာတွေ တိုက်ခိုက်ခြင်းမှ လျော့ပါးစေတာနဲ့ ကျန်းမာရေးအတွက် အထွေထွေအကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။
ဇီးသီးကို ဟင်းတွေမှာ ထည့်ချက်တာ၊ မုန့်ပဲသွားရေစာအဖြစ်နဲ့ ဆေးဝါးအဖြစ်ပါ အမျိုးမျိုး စားသောက်ကြပါတယ်။ ယေဘုယျအားဖြင့် တနေ့တာ လူတယောက် စားသောက်နိုင်တဲ့ ပျမ်းမျှပမာဏမှာ ဇီးသီး အလုံး ၂၀ လောက်၊ ဇီးမှုန့် ကော်ဖီဇွန်း ၈ ဇွန်းလောက်၊ အစေ့ဆန် ကော်ဖီဇွန်း ၄ ဇွန်းလောက် ဖြစ်ပါတယ်။
သတိပြုဖို့အနေနဲ့ ဆီးချိုရောဂါဝေဒနာရှင်တွေ ဇီးသီးစားသုံးတာဟာ သွေးတွင်း သကြားဓာတ်ကို ကျဆင်းစေနိုင်တဲ့အတွက် သွေးတွင်းသကြားဓာတ် အနိမ့်အမြင့် အခြေအနေကို ဂရုတစိုက်စောင့်ကြည့်ပြီး လိုတိုး၊ ပိုလျှော့ သုံးစွဲဖို့ လိုအပ်ပါတယ်။
ခွဲစိတ်မှုပြုလုပ်ဖို့ အစီအစဉ်ရှိသူတွေ ခွဲစိတ်မှုမပြုလုပ်မီ အနည်းဆုံး ၂ ပတ်အလိုမှာ ဇီးသီး စားသောက်တာကို ရှောင်ကြဥ်ရပါမယ်။
ဇီးသီးစားသောက်ခြင်းက အိပ်ငိုက်တာ ဖြစ်စေနိုင်တဲ့အတွက် အိပ်ငိုက်တာ ဖြစ်စေတဲ့ တခြားဆေးဝါးတွေနဲ့အတူ သောက်သုံးပါက အလွန်အိပ်ငိုက်တာ၊ အိပ်ပျော်လွန်တာနဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်ပေါ်နိုင်ပါတယ်။
ဇီးသီးအလွန်အကျွံစားသောက်တာဟာ အစာစားချင်စိတ်ကို လျော့ကျစေတာ၊ အစာမကြေ၊ ရင်ပြည့်ရင်ကယ်၊ ဝမ်းလျှော၊ ဝမ်းပျက်၊ လေပွ၊ နွမ်းလျ နဲ့ ပန်းနာရင်ကြပ်တို့ ဖြစ်စေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ အနည်းငယ်စားသောက်နိုင်ပေမဲ့ အများအပြား စားသောက်တာကိုတော့ ရှောင်ကြဥ်ပါ။
နွေဦးပြည်သူတို့အတွက် ဇီးပင် ဇီးသီးနဲ့ ပတ်သက်တဲ့ ဆေးဘက်ဆိုင်ရာ အကျိုးကျေးဇူးတွေကို သိရှိပြီး သင့်တော်သလို ရယူသုံးစွဲနိုင်ဖို့ လက်လှမ်းမီဆေးပညာတခုအဖြစ် ရေးသားတင်ပြလိုက်ပါတယ်။
ခရီးဆုံးပန်းတိုင်မှာ အတူပြန်ဆုံကြပါစို့။