ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်း ခလရ ၉၇ တပ်ရင်း၊ ရဲစခန်းတွေ၊ မြို့တွင်းနေရာတချို့ကို စစ်ကောင်စီတပ်တွေက အင်အားဖြည့်တင်းဖို့ ကြိုးစားနေတာကြောင့် တိုက်ပွဲတွေ နေ့စဉ်လို ဖြစ်ပွားနေတယ်လို့ တော်လှန်ရေးတပ်ပေါင်းစုတာဝန်ရှိသူက ပြောပါတယ်။
မနေ့ည ၁၁ နာရီလောက်က စစ်ကောင်စီတပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ လှိုင်ကွက်သစ်ရပ်ကွက်အတွင်းကို ကျရောက်ပေါက် ကွဲခဲ့တာကြောင့် နေအိမ် ၂၀ နီးပါး မီးလောက်ဆုံးရှုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကော့ကရိတ်မြို့တွင်းက စစ်ကောင်စီတပ်ဖွဲ့တွေကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေက လက်ရှိအချိန်အထိ ပိတ်ဆို့ထားပါတယ်။
စစ်ကောင်စီတပ်ဘက်က ကော့ကရိတ်မြို့တွင်းကို အင်းအားဖြည့်တင်းနိုင်ဖို့ စကခ ၁၂ လက်အောက်ခံ ၃၁၃ အမြောက်တပ်နဲ့ တပ်စခန်းတွေကနေ နေ့ရော ညပါ လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အပြင် မြို့တွင်းက စစ်ကောင်စီရဲ့ ခလရ ၉၇ တပ်ရင်းနဲ့ လုံခြုံရေးရယူထားတဲ့ နေရာတွေကနေပါ ပစ်ခတ်နေတာလို့ မြို့ခံတွေက ပြောပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၁ ရက်က စတင်ပြီး စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးအပြင် လေကြောင်း ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူတွေ ထိမှန်သေဆုံးကာ နေအိမ်တွေ ထိမှန်ပျက်စီးခဲ့ရပြီး အရေအတွက်အတိအကျကိုတော့ မသိရသေးပါဘူး။
ကော့ကရိတ်မြို့တွင်းက ပိတ်ဆို့ခံထားရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြည်သူထံ ခိုလှုံကြဖို့ တိုက်တွန်းထားပြီး KNLA ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ နောက်ဆုတ်ပေးမှာမဟုတ်ဘူးလို့ တော်လှန်ရေးတပ်ပေါင်းစုတာဝန်ရှိသူက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေအတွင်းကို စစ်ကောင်စီတပ်ရဲ့အမိန့်ကိုဖီဆန်ပြီး လာရောက်ပူးပေါင်းတဲ့ အရာရှိစစ်သည် ၁၀၀ ကျော်ရှိပါတယ်။
ဒါအပြင် မြေပြင်တိုက်ပွဲအတွင်း လက်နက်ချ ဖမ်းဆီးရမိတဲ့ အရာရှိစစ်သည် ၁၅၀ ကျော်ရှိပြီး အားလုံးကို KNU ရဲ့ စစ်သုံ့ပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ တပ်မဟာ ၆ စစ်ဗျူဟာမှူးဆီက သိရပါတယ်။
အောင်ခန့်