Home
မြန်မာသတင်း
တနင်္သာရီတွင် စစ်ကောင်စီတပ် ၂ ရက်ဆက် တိုက်ခိုက်ခံရ
DVB
·
December 26, 2023
Soldiers_26122023

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာ ၂၅ ရက် မနက် ၇ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

မြိတ်ကနေ စစ်ကား ၁၃ စီးနဲ့ အင်အား ၃၀၀ နီးပါး လိုက်ပါလာတဲ့ စစ်ကောင်စီယာဥ်တန်း ဘန်းလမွတ်ကျေးရွာကို ရောက်နေတဲ့အချိန် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာကနေ ပစ်ခတ်မှုဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက “အရှေ့က ရဲဘော်တယောက်က မိုင်းခွဲပြီးတာနဲ့ ပြေးလာတဲ့အချိန်မှာ စစ်သားတွေ သေနတ်နဲ့ တအားပစ်တော့ ဒီဘက်ကလည်း ပြန်ပစ်တယ်။ နှစ်ဖက်လုံးပြန်ပစ်တော့ ထိတွေ့တိုက်ပွဲ ခဏဖြစ်သွားတာ။‌ သေတာ စစ်သား ၁၀ ယောက်ကျော်လောက်ရှိမယ်၊ အတိအကျတော့ မသိရဘူး” လို့ ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေ များနိုင်ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိခဲ့ဘူးလို့ သိရပေမဲ့ အတိအကျကိုတော့ ဒီဗွီဘီက အတည်ပြုနေဆဲပါ။

နှစ်ဖက်ထိတွေ့တိုက်ပွဲအတွက် စစ်ကောင်စီစစ်ကြောင်းဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့ပေမဲ့ အရပ်သားပြည်သူနေအိမ်တွေတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။

ဒေသခံတဦးက “သေနတ်သံကြားတော့ ၇ နာရီခွဲလောက်ရှိပြီ၊ မိုင်းခွဲသံကြားရတယ်၊ လက်နက်ငယ်အသံတွေလည်း ကြားရတယ်။ ရွာထဲမှာဖြစ်တာမဟုတ်တော့ ရွာတွေထိခိုက်မှုတော့ မရှိဘူး၊ လက်နက်ကြီးက မနေ့တည်းက နေ့ရောညပါပစ်တယ်။ အခုတက်လာတဲ့ စစ်ကြောင်းကနေပစ်တာ၊ လက်နက်ကြီးမှာ တခါတည်း ပါလာတယ်၊ စစ်ကြောင်းက ရောက်နေတာကြာပြီ၊ မနေ့ ရှေ့ညတုန်းက ဇဝဲတပ်ရင်းမှာ ဝင်အိပ်တယ်” လို့ ပြောပါတယ်။

အဆိုပါစစ်ကြောင်းမှာ ဒီဇင်ဘာ ၂၄ ရက် မနက် ၁၀ နာရီကလည်း ဘန်းလမွတ်အုပ်စု ကမ်းတိုရွာအနီး ရောက်နေတဲ့အချိန် မြိတ်ပကဖအဖွဲ့နဲ့ တနင်္သာရီရိုးမ ပကဖအဖွဲ့တို့ ပူးပေါင်းကာ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲမိနစ် ၃၀ လောက် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

ခရီးသွားပြည်သူတွေအနေနဲ့ စစ်ကောင်စီယာဥ်တန်းနဲ့ခွာပြီး သွားလာကြဖို့နဲ့ အရေးကြီးကိစ္စ မရှိပါက ခရီးမသွားလာကြဖို့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကနေ သတိပေး ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024