Home
မြန်မာသတင်း
နမ္မတူဘက်ကနေ လားရှိုးအဝင်အထွက် လမ်းပိတ်ထား၊ ကောလင်းသွားမည့်ကားများကို စစ်တပ်က တားမြစ်
DVB
·
December 26, 2023
Army police_26122023

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ထဲ နမ္မတူလမ်းဘက်ကနေ မြို့အဝင်အထွက်ကို ဒီဇင်ဘာ ၂၅ ရက် နေ့လယ်ကတည်းက လက်ရှိအထိ လမ်းပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ နေ့လယ် ၁၂ နာရီလောက်ကစတင်ကာ လားရှိုး-နမ္မတူလမ်း၊ အီနိုင်းတံတားဘက် ဖြတ်သန်းခွင့် ယာယီပိတ်ထားတာလို့ ဆိုပါတယ်။

“အီနိုင်းမှာ ပိတ်ထားတယ်။ ကားတွေ အကုန်ပိတ်ထားတယ်။ ဒီမှာ ကျနော့်ကားရော ကားတွေ အကုန်လုံးပဲ” လို့ ယာဉ်မောင်းတဦးက ပြောပါတယ်။

ဒီနေ့မနက်ပိုင်းအထိ လားရှိုးကနေ နမ္မတူဘက်သွားတဲ့လမ်း ဆီဆိုင်တွေနားက ဂိတ်အဝင်အထွက် ပိတ်ထားဆဲဖြစ်ပြီး လားရှိုးကနေ မန္တလေးဘက်သွားတဲ့လမ်း၊ မယ်ဟန်မြို့ရှောင်လမ်း အဝင်အထွက်ကတော့ အဆင်ပြေစွာ သွားလာနိုင်တယ်လို့ ဆိုပါတယ်။

“နမ္မတူကနေ တက်လာတဲ့သူတွေကို မန်စံမှာ ပိတ်ထားတယ်။ အီနိုင်းမှာလည်း ဖြတ်လို့ မရတော့ဘူး။ အီနိုင်းမှာက ပလောင် (TNLA) တွေ ပိတ်ထားတယ်။ ဒီ နောင်လိုင်မှာက စစ်တပ်က ပိတ်ထားတာ” လို့ လားရှိုးဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

လားရှိုးမှတ်ပုံတင် ကိုင်ဆောင်သူနဲ့ လားရှိုးအိမ်ထောင်စုစာရင်း ရှိသူတွေသာ လားရှိုးမြို့ထဲ ဝင်လို့ရတဲ့သဘော ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းကစပြီး စစ်တပ်နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား တိုက်ပွဲပြင်းထန်လာလို့ နမ္မတူကနေ လားရှိုးဘက် စစ်ဘေးရှောင်လာတဲ့ ပြည်သူ ၁,၀၀၀ ကျော် လားရှိုးအဝင်လမ်း ပိတ်ထားလို့ မန်စံရွာမှာ ပိတ်မိနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာလည်း ကောလင်းမြို့နယ်အတွင်း သွားရောက်မယ့် မော်တော်ယာဉ်တွေကို စစ်ကောင်စီတပ်က သွားလာခွင့်တားမြစ်ပိတ်ပင်ထားကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်း သွားရောက်မယ့် မော်တော်ယာဉ်တွေကို ဒီဇင်ဘာ ၂၄ ရက်ကစတင်ပြီး အင်းတော်မြို့နယ် ပညာရေးမှူးရုံးရှေ့မှာရှိတဲ့ စစ်ကောင်စီ စုပေါင်းစစ်ဆေးရေး ဂိတ်ကနေ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်တားမြစ်ခဲ့တာလို့ ဆိုပါတယ်။

အင်းတော်ဒေသခံတဦးက “ကချင်ပြည်နယ်နဲ့ တခြားမြို့နယ်တွေကနေ ကောလင်းဘက်သွားမယ့် ခရီးသည်တင်ကားတွေ၊ ကုန်ကားတွေကို အင်းတော် ပညာရေးမှူးရုံးရှေ့ စုပေါင်းစစ်ဆေးရေးဂိတ်ကနေ ပြန်လှည့်ခိုင်းတယ်။ စစ်ကောင်စီတပ်က မှတ်ပုံတင်စစ် ယာဉ်လိုင်စင်စစ်ပြီး ကောလင်းဘက်ကိုသွားမယ့် ကားတွေကို နောက်ပြန်လှည့်ခိုင်းတယ်။ ကောလင်းကိုဝင်မယ့် မော်တော်ယာဉ်နဲ့ ခရီးသည်တွေကို ပေးကိုမသွားတော့ဘူး” လို့ ပြောပါတယ်။

ကချင်ပြည်နယ်ဘက်ကနေ ကောလင်းမြို့နယ်အတွင်း ဝင်ရောက်မယ့် မော်တော်ယာဉ်တွေကို အင်းတော်မြို့နယ်ကနေ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားပြီး မန္တလေးတိုင်းနဲ့ တခြားမြို့နယ်တွေက ကောလင်းမြို့နယ်အတွင်း သွားရောက်မယ့် မော်တော်ယာဉ်တွေကိုတော့ သပိတ်ကျင်းမြို့နယ် ကိုးပင်ကျေးရွာ စစ်ဆေးရေးဂိတ်ကနေ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်ပါတယ်။

ကောလင်းမြို့နယ်ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ တည်ရှိပြီး နိုဝင်ဘာ ၆ ရက်က ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထိန်းချုပ်ထားတဲ့ ခရိုင်မြို့နယ်တခု ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024