ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ ဒီဇင်ဘာ ၂၅ ရက် မနက်မှာ စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဘူးသီးတောင်မြို့နယ် ပြိုင်းတောင်ကျေးရွာနားမှာ ဒီဇင်ဘာ ၂၅ ရက် မနက် ၁၁ နာရီလောက်မှာ ဖရုံချောင်းရွာ ဘုန်းကြီးကျောင်းနားက တောင်ကုန်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ တပ်မ ၂၂ လက်အောက်ခံ၊ ခလရ ၂၀၆ တပ်သားတွေက စပါးရိတ်နေတဲ့ အမျိုးသားတယောက်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ ဘူးသီးတောင် ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် ပြိုင်းတောင်ကျေးရွာက အသက် ၃၂ နှစ်အရွယ် ဦးအဒူလာချိန်းရဲ့ ဝမ်းဗိုက်မှာ သေနတ်ကျည်ထိမှန်ပြီး အပြင်းအထန် ဒဏ်ရာရရှိခဲ့တာကြောင့် ဘူးသီးတောင်မြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပြီး အရေးပေါ် ဆေးဝါးကုသမှု ခံယူနေစဉ်မှာ သေဆုံးသွားခဲ့တယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းက တကျော့ပြန်တိုက်ပွဲတွေ ပြန်လည် စတင်ပြီးနောက်ပိုင်း ရသေ့တောင်၊ စစ်တွေ၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းမြို့တို့မှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ နေ့ရောညပါ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူ ၄၀ ကျော် သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ် ရပ်ကွက် ၃ မှာလည်း ဒီဇင်ဘာ ၂၅ ရက် ညနေ ၅ နာရီဝန်းကျင်လောက် တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးလာကြဲတာကြောင့် အမျိုးသား ၂ ဦး နေရာမှာတင် သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
နမ္မတူမြို့ခံ အမျိုးသမီးတဦးက “လေယာဥ်လာတဲ့အချိန်ကို အပြင်ထွက်လိုက်တာ ဗုံးကြဲတာနဲ့ ကြုံသွားတာ။ အိမ်အပြင်ခြံတံခါးအဝမှာ ဗုံးလာမှန်သွားတာ။ ရပ်ကွက်ထဲတွေကစ လေယာဥ်နဲ့ ပစ်လာနေပြီ။ သတိရှိရှိနဲ့နေပြီး အိမ်အပြင်မထွက်ဘဲ လွတ်ရာသာနေကြပါ” လို့ ပြောပါတယ်။
ဗုံးထိပြီး သေဆုံးသွားသူ အမျိုးသား ၂ ဦးဟာ အသက် ၄၀ အရွယ် ကိုသက်လင်းထွန်း (ခ) ကိုအငဲနဲ့ အသက် ၃၀ အရွယ် ကိုအောင်မိုးသက်တို့ ဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေကြောင့် နမ္မတူမြို့ခံတွေဟာ နီးစပ်ရာမြို့တွေဆီကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၂၅ ရက်မှာ လာရှိုးမြို့အဝင်အထွက်ဂိတ်တွေကို စစ်ကောင်စီက ပိတ်ဆို့ထားလိုက်တဲ့အတွက် ရှမ်းမြောက်ဘက်က စစ်ဘေးရှောင်တချို့ မန်းစံကျေးရွာရှိ ဆရာလေးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ စစ်ရှောင်နေကြရတယ်လို့ Ta'ang Women's Organization - Two အဖွဲ့ကနေ သိရပါတယ်။
Ta'ang Women's Organization - Two အဖွဲ့ တာဝန်ခံအမျိုးသမီးတဦးက “အခု စစ်သားတွေဘက်က လမ်းတွေကို ပိတ်ဆို့ထားတော့ စစ်ရှောင်တွေက ဘယ်ပြေးရမှန်း မသိတော့ဘူး။ တခြားမြို့တွေကိုလည်း သွားမရတော့ နီးစပ်ရာကျောင်းတွေဆီမှာ ခိုလှုံနေကြရတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၃ ရက်ကလည်း နမ္မတူ ရပ်ကွက် ၃ နဲ့ ၆ က အရပ်သား ၄ ဦး လက်နက်ကြီးမှန်ပြီး ဒီနေ့အထိ လားရှိုးဆေးရုံမှာ ဆေးကုသနေဆဲဖြစ်တယ်လို့ သိရပါတယ်။