တရုတ်နိုင်ငံရဲ့ နေရာအနှံ့အပြားမှာ အအေးလှိုင်းဖြတ်ပြီး နှင်းမုန်တိုင်းတွေ တိုက်ခတ်ခဲ့ပြီးနောက် အပူချိန် သမိုင်းတွင်အောင် ကျဆင်းခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ မြို့တော် ပေကျင်းဟာလည်း ၁၉၅၁ ခုနှစ် ဒီဇင်ဘာလကစပြီး မှတ်တမ်းတင်ခဲ့တဲ့ ကာလတလျှောက် နာရီပေါင်းများစွာကြာအောင် အပူချိန် ရေခဲမှတ် သုညအောက် ကျဆင်းနေတဲ့စံချိန်ကို ချိုးဖျက်ခဲ့ပါတယ်။
နိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အရှေ့မြောက်ဒေသတွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး စံချိန်တင် အအေးဓာတ်ကို ကြုံတွေ့ခဲ့ရတာပါ။
အာတိတ်ဒေသကနေ ဆင်းသက်လာတဲ့ လေအေးတွေကြောင့် နိုင်ငံအရှေ့မြောက်ဘက်က တချို့နေရာတွေမှာ အနုတ် ၄၀ ဒီဂရီစင်တီဂရိတ်အောက်အထိ အပူချိန် ကျဆင်းခဲ့ပါတယ်။
ဒီဇင်ဘာ ၁၁ ရက်ကနေ ဒီဇင်ဘာ ၂၄ ရက်အထိ အေးခဲနေတဲ့ အပူချိန်မှာ နာရီ ၃၀၀ ကျော် စံချိန်တင် ကြာနေခဲ့တာကို ပေကျင်းမြို့တော်မှ မိုးလေဝသစောင့်ကြည့်ရေးဌာနတခုက မှတ်တမ်းတင်ခဲ့ပါတယ်။
၁၉၅၁ ခုနှစ်ကစပြီး ခုထိ တလတာအတွက် တောက်လျှောက်အေးနေချိန် အများဆုံးဖြစ်တယ်လို့ အစိုးရကျောထောက်နောက်ခံပြု ပေကျင်းနေ့စဉ်သတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။
ပေကျင်းမြို့တော်မှာ ရေခဲမှတ်အောက် အနုတ် ၁၀ ဒီဂရီစင်တီဂရိတ်မှာ ကိုးရက်ဆက်တိုက် ရှိနေခဲ့တယ်လို့လည်း ပေကျင်းနေ့စဉ်သတင်းစာက ဖော်ပြခဲ့ပါတယ်။
Source/Photo-Reuters