ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ စက်သုံးဆီကို အကန့်အသတ်နဲ့သာ ရောင်းချပေးနေပြီး ပုံးနဲ့ အလွတ်ရောင်းချခြင်း မပြုတဲ့အတွက် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူတွေ အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
မြစ်ကြီးနားမြို့မှာ လျှပ်စစ်မီးကို အချိန်အကန့်အသတ်နဲ့သာ ရှိနေပြီး မီးစက်အသုံးပြုဖို့အတွက် စက်သုံးဆီကို ဆိုင်ကြီးတွေက ဂါလန်ပုံးနဲ့ ရောင်းချပေးတာ မရှိတော့ကြောင်း ဒေသခံတွေက ပြောပါတယ်။
မြစ်ကြီးနားမြို့ အထည်ဆိုင်ပိုင်ရှင်တဦးက “လျှပ်စစ်မီးက ပုံမှန်မရတော့တာ ကြာပြီ။ အချိန်ပိုင်းနဲ့ ၄ နာရီခြား တခါပဲလာတယ်။ ဒါတောင် ပုံမှန်မဟုတ်ဘူး။ လာလိုက်ပျက်လိုက်ပဲ။ မီးပျက်ချိန် မီးစက်မောင်းဖို့ ဆီကို ဂါလန်ပုံးနဲ့ဝယ်ရင် ရောင်းမပေးတော့ဘူး။ ကားတွေ ဆိုင်ကယ်တွေထဲထည့်ပြီး အိမ်ရောက်မှ ပြန်ထုတ်၊ မီးစက်ထဲ ပြန်ထည့်မောင်း လုပ်နေရတယ်။ ဆိုင်ဖွင့်ထားတော့ မီးက ပျက်လို့မဖြစ်ဘူး” လို့ ပြောပါတယ်။
မြစ်ကြီးနားမြို့မှာလည်း စက်သုံးဆီ မကြာခဏ ပြတ်လပ်နေပြီး ဆိုင်ကယ်တစီးကို ကျပ် ၅,၀၀၀ ဖိုးနဲ့ မော်တော်ကားတစီး ကျပ် ၃၀,၀၀၀ ဖိုးသာ ရောင်းချပေးနေပြီး ပုံးနဲ့ လာရောက်ဝယ်ယူသူတွေကိုတော့ ရောင်းချပေးခြင်း မရှိပါဘူး။
စက်သုံးဆီအရောင်းဆိုင် ဝန်ထမ်းတဦးက “ဆီကတော့ ဆိုင်မှာရှိရင် ရောင်းပေးပါတယ်။ တခါတလေ ဆီအဝင်မရှိရင်တော့ ရောင်းချမှု ခေတ္တရပ်နားပါတယ်။ ဆိုင်ကယ်နဲ့ ကားတွေကို အဓိကထား ရောင်းချပေးတာပါ။ အလွတ်ပုံးနဲ့ လာဝယ်သူတွေကိုတော့ ရောင်းမပေးပါဘူး။ တချို့တွေက ပုံးနဲ့ဝယ် ပုလင်းအလွတ်နဲ့ ပြန်ထည့်ပြီး ဈေးနှုန်းမြင့်မားစွာ ပြန်လည်ရောင်းချနေတဲ့အတွက် ပုံးအလွတ်နဲ့ ရောင်းချပေးတာ မပြုလုပ်တာပါ” လို့ ပြောပါတယ်။
လျှပ်စစ်ဖြန့်ဖြူးပေးတဲ့ ဘူးဂါး လျှပ်စစ်လုပ်ငန်းဟာ ပြီးခဲ့တဲ့ ဧပြီလက စတင်ပြီး System Break Down ဖြစ်ခြင်း၊ ချီဖွေငယ်ဓာတ်အားစက်ရုံ ပြင်ဆင်ထိန်းသိမ်းခြင်း၊ သဘာဝဘေးအန္တရာယ်နဲ့ ကြုံကြိုက်တာတွေ ဖြစ်ပေါ်နေတဲ့အတွက် မြစ်ကြီးနားမြို့နယ်နဲ့ ဝိုင်းမော်မြို့နယ်ကို အချိန်အကန့်အသတ်နဲ့သာ လျှပ်စစ်မီး ဖြန့်ဖြူးပေးနိုင်ကြောင်း ဘူးဂါးလျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းက ထုတ်ပြန်ထားပါတယ်။