ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်ကို ဒီဇင်ဘာ ၂၅ ရက် ညနေ ၄ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်တစင်းနဲ့ ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ရမ်းဗြဲမြို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ရမ်းဗြဲမြို့ အမှတ် ၃ ရပ်ကွက်မှာ တလုံး၊ ရမ်းဗြဲမြို့နားက ညောင်တောင်မှာတလုံးနဲ့ ကိုရင်တောင်မှာတလုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဗုံးပေါက်ကွဲမှုကြောင့် ရမ်းဗြဲမြို့ အမှတ် ၃ ရပ်ကွက်က ကိုသားသားချေရဲ့ နေအိမ်(တိုက်)တလုံး အားလုံးပြိုထွက်သွားပြီး အနီးအနားမှာရှိတဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။
ဒေသခံတယောက်က “ရမ်းဗြဲမြို့နယ်ဘက်မှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဘလိုင်းလာဗုံးကြဲသွားတာဗျ။ အဲဒီတိုက်ဆိုရင် အသစ်ဆောက်ထားတာ ဘာမှမကြာသေးဘူး။ လူတွေကတော့ ထွက်ပြေးတိမ်းရှောင်နေကြလို့ အသက်ဘေးကလွတ်လိုက်တယ်” လို့ ပြောပါတယ်။
ရမ်းဗြဲမြို့မှာ ဒီဇင်ဘာ ၁၈ ရက်ကလည်း ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ ၃ ယောက် ဒဏ်ရာရရှိကာ စက်သုံးဆီဆိုင်တဆိုင် မီးလောင်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မင်းပြားမြို့မှာတော့ ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းကို နင်းမိပြီး စိတ်ဝေဒနာရှင် အမျိုးသားတယောက် ခြေထောက်တဖက် ပြတ်သွားကာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။
မင်းပြားမြို့ ကျိန်းတောင်အတက်လမ်းမှာ မနေ့ မွန်းလွဲ ၂ နာရီလောက်မှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းကို နင်းမိပြီး စိတ်ဝေဒနာရှင်တယောက် ခြေထောက်တဖက် ပြတ်ထွက်သွားကာ အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မင်းပြားမြို့ဒေသခံတယောက်က ပြောပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့သူကတော့ မင်းပြားမြို့ အောက်ရွာပိုင်းရပ်ကွက်က ချင်းတိုင်ရင်းသား စိတ်ဝေဒနာရှင် အသက် ၅၀ အရွယ် ဦးမောင်တင်လှဖြစ်ပြီး ညာဘက်ခြေထောက်တဖက် ပြတ်ထွက်သွားတယ်လို့ ဆိုပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့သူကိုတော့ မင်းပြားမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားကာ အရေးပေါ် ဆေးဝါးကုသမှု ခံယူနေရပါတယ်။
မင်းပြားမြို့မှာ ဒီဇင်ဘာ ၁၅ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီတပ်က ထောင်ထားတဲ့မိုင်းကို နင်းမိပြီး ပြည်သူတယောက် ခြေထောက်နှစ်ဖက်လုံး ပြတ်ထွက်သွားကာ အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။