အာဏာဆိုတဲ့ စကားရပ်ကို ဝီကီပီးဒီးယားမှာတော့ ဘုန်းတန်ခိုးအရှိန်အဝါလို့ အဓိပ္ပါယ် ဖွင့်ဆိုထားပါတယ်။ သက်ဦးဆံပိုင် ရှေးဘုရင်ခေတ်တွေမှာတော့ အာဏာရှိတဲ့ မင်းဧကရာဇ်တွေ၊ ရှင်ဘုရင်တွေဆိုရင် ဘုန်းတန်ခိုးအရှိန်အဝါ ကြီးတယ်လို့ သုံးနှုန်းတတ်ကြပါတယ်။ နိုင်ငံတနိုင်ငံအတွက်ဆိုရင်တော့ အချုပ်အခြာအာဏာရဲ့အောက်မှာ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာနဲ့ ဥပဒေပြုရေးအာဏာရယ်လို့ အာဏာ ၃ ရပ် ပါဝင်ပါတယ်။
လူပုဂ္ဂိုလ်တဦးချင်းဆီမှာလည်း တခြားသူတွေအပေါ် လွှမ်းမိုးနိုင်တဲ့ ဩဇာအာဏာဆိုတာ ရှိပါတယ်။ ခေါင်းဆောင်တွေမှာ ဆိုရင်တော့ ပြည်သူလူထုအပေါ် ဩဇာလွှမ်းမိုးနိုင်သူဆိုရင် နိုင်ငံရေးအာဏာရှိသူလို့ သတ်မှတ်ကြပါတယ်။
ပုဂ္ဂိုလ်ရေးအကျိုးစီးပွားအတွက်ဖြစ်စေ၊ လူအများအကျိုးပြုလိုတဲ့ ရည်မှန်းချက်ကြောင့်ဖြစ်စေ နိုင်ငံရဲ့ အချုပ်အခြာအာဏာ ၃ ရပ်ကို ရယူချင်ကြတဲ့ ပါတီ၊ တသီးပုဂ္ဂလ လူပုဂ္ဂိုလ်တွေ စည်းရုံးရေးလုပ်ကြ၊ ရွေးကောက်ပွဲ ဝင်ကြတာကို အာဏာနိုင်ငံရေး လုပ်ကြတယ်လို့ သတ်မှတ်ပြောဆိုလေ့ ရှိကြပါတယ်။
ဥပမာပြုရရင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဆိုရင် နိုင်ငံရေးအာဏာရှိသူလို့ ပြည်တွင်းပြည်ပက တညီတညွတ်တည်း ရှိကြပါတယ်။ ဘာကြောင့်လို့လဲဆိုရင် သူပြောတဲ့ စကားအခွန်းတိုင်းဟာ ပြည်သူလူထုအပေါ် ဩဇာသက်ရောက်မှုရှိလို့ပဲ ဖြစ်ပါတယ်။ အာဏာလုယူထားတဲ့ စစ်အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ကိုတော့ အာဏာနိုင်ငံရေးကို လက်နက်အားကိုးနဲ့ လိုက်စားသူလို့ သတ်မှတ်နိုင်ပါတယ်။
ဒီလိုရေးလိုက်လို့ အာဏာနိုင်ငံရေး ဆိုတာကို ညစ်ပတ်တယ်၊ မကောင်းဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ရိုးသားမှန်ကန်တဲ့ နည်းလမ်းနဲ့ ပြည်သူလူထုကို စည်းရုံးပြီး နိုင်ငံကို ကောင်းမွန်လာအောင်၊ တိုးတက်ချမ်းသာလာအောင် လုပ်ဆောင်တဲ့ အာဏာနိုင်ငံရေးဆိုရင် လက်ခံဝိုင်းရံကြရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ လက်နက်အားကိုးတယ်ဆိုတဲ့ စကားကို အနည်းငယ် ရှင်းလင်းပြချင်ပါတယ်။ လူသားမှမဟုတ်ပါဘူး၊ တိရစ္ဆာန်တောင် မိမိမှာရှိတဲ့ မိမိပိုင်ဆိုင်တဲ့ လက်နက်တွေကို အားကိုးတတ်ကြ၊ အသုံးချတတ်ကြတာ ဓမ္မတာဖြစ်ပါတယ်။ အစွယ်ရှိတဲ့ သတ္တဝါက အစွယ်အားကိုးမယ်၊ ချို(ဂျို)ရှိတဲ့သတ္တဝါက ချို(ဂျို)ကိုအားကိုးတတ်သလို အတ္တကိုအခြေခံတဲ့ လူသားတွေဟာလည်း ဓနဥစ္စာရှိသူက ဓနဥစ္စာကို အားကိုးမယ်၊ ခွန်အားကြီးသူက ခွန်အားကိုအားကိုး၊ ပညာရှိသူက ပညာအားကိုး၊ အပေါင်းအဖွဲ့အားရှိသူက အပေါင်းအဖွဲ့အားကိုးတတ်သလို လက်နက်ရှိသူက လက်နက်အားကိုး၊ အာဏာရှိသူက အာဏာကိုအားကိုးပြီး အသုံးချ အနိုင်ယူတတ်လေ့ ရှိကြပါတယ်။
လူတဦးချင်း၊ လူ့အသိုင်းအဝိုင်းတဖွဲ့ချင်းစီရဲ့ အသိဉာဏ်၊ ကိုယ်ကျင့်သီလ၊ ပတ်ဝန်းကျင် အခြေအနေ လွှမ်းမိုးမှုပေါ်မူတည်ပြီး အာဏာကိုအားကိုးပြီး အသုံးချတဲ့အခါ မှန်ကန်ပြီး တရားမျှတမှုကို အခြေခံမှသာလျှင် လူအများရဲ့လက်ခံမှု ရရှိနိုင်ပြီး သမိုင်းကြောင်း ကောင်းနိုင်မှာ ဖြစ်ပါတယ်။ အဲ့သလိုမဟုတ်ဘဲ အာဏာကိုအားကိုးပြီး မှန်မှန်ကန်ကန် အသုံးမချနိုင်ဘူး၊ တရားမဲ့ အနိုင်ကျင့် ဗိုလ်ကျရာမှာ အသုံးချရင်တော့ ဒီကနေ့ မြန်မာနိုင်ငံမှာ ပြိုလဲကျဆုံးနေတဲ့ စစ်တပ်လို အဖြစ်ဆိုးမျိုးနဲ့ပဲ ကြုံတွေ့ကြရမှာ ဖြစ်ပါတယ်။
တရုတ်ကွန်မြူနစ်ခေါင်းဆောင်ကြီးတဦးဖြစ်တဲ့ မော်စီတုန်း(Mao Zedong) ကတော့ “အာဏာဟာ သေနတ်ပြောင်းဝမှလာတယ် (Political Power comes from the barrel of a gun)” လို့ ဆိုထားခဲ့တာဟာ ခေတ်ကာလ အချိန်အခါနဲ့ တဦးချင်းစီရဲ့ တွေးခေါ်မြော်မြင်ပုံ ရှုထောင့်အလိုက် ကွဲပြားအငြင်းပွားစေနိုင်ပေမဲ့ လူသိများ ရေပန်းစားခဲ့ပါတယ်။
ဒီကနေ့ မျက်မှောက်ကာလအထိလည်း ကမ္ဘာပေါ်မှာ စစ်အာဏာရှင်စနစ်၊ တပါတီ အာဏာရှင်စနစ် နိုင်ငံအများအပြား တည်ရှိနေနိုင်ဆဲဖြစ်သလို အဲ့ဒီနိုင်ငံတွေမှာတော့ အာဏာဟာ သေနတ်ပြောင်းဝမှတည်နေဆဲ ဖြစ်ပါတယ်။ အမှန်တကယ်ကတော့ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာဟာ ပြည်သူလူထုအပေါ်သာ တည်ပါတယ်။ ဒါကြောင့်မို့လို့လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူသာအဓိက ဆိုတဲ့စကားကို ထပ်ဖန်တလဲလဲ ပြောဆို သတိပေးခဲ့တာ ဖြစ်ပါတယ်။
ဒီဆောင်းပါးမှာ အဓိကရေးပြချင်တာက စစ်သား ရဲသားတို့ရဲ့ သေနတ်ပြောင်းဝမှာတည်တဲ့ အာဏာအကြောင်း ဖြစ်ပါတယ်။ ဒီနေရာမှာ ဆက်စပ်လို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ အောက်ပါစကားစုကို ဦးစွာဖော်ပြချင်ပါတယ်။ “အမှန်တရားအပေါ် ရပ်တည်ရှင်သန်ပြီး ကိုယ်လုပ်တဲ့အလုပ်အပေါ် လိပ်ပြာသန့်နိုင်တယ်ဆိုရင် ... အာဏာမရှိသူတွေမှာလည်း ..... စွမ်းအားရှိတယ်” ဆိုတဲ့စကားဟာ အဖိနှိပ်ခံ ပြည်သူတွေနဲ့အတူ အကြမ်းဖက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ထဲက အဖိနှိပ်ခံ စစ်သား ရဲသားတွေမှာ စွမ်းအား ဘုန်းတန်ခိုးအာဏာ ရှိတယ်ဆိုတာပါပဲ။
စစ်သား ရဲသားတွေ လက်ထဲမှာ ပစ္စတို၊ ခြောက်လုံးပြူးကိုင်တဲ့ စစ်ဗိုလ်ချုပ်တွေ စစ်ဗိုလ်တွေ၊ ရဲမှူးတွေထက် ပစ်အား (Fire Power) ပြင်းတဲ့ မောင်းပြန်သေနတ်တွေ ကိုင်ထားကြတာ ဖြစ်ပါတယ်။ တနည်းအားဖြင့်ဆိုရင် စစ်သား ရဲသားတို့ရဲ့ သေနတ်ပြောင်းဝမှာ အာဏာရှိပါတယ်။ မမှန်မကန် အမိန့်ပေးပြီး ဇွတ်အုပ်ချုပ်ရင်း မိဘပြည်သူကို သစ္စာဖောက်ဖျက်လို့ ရမ်းကားကြမ်းကြုတ်စွာ သတ်ဖြတ်နေကြတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ အမိန့်ကို မျက်စိမှိတ်နာခံဖို့ မလိုအပ်ပါဘူး။
လက်ရှိအချိန်မှာ ပြည်သူက လက်သင့်မခံတော့တာမို့ သမိုင်းနိဂုံးချုပ်ဖို့ နောက်ဆုံးစာမျက်နှာကို ရောက်ရှိနေတဲ့ စစ်အာဏာရှင်စနစ်ဆိုးကြီး ပြိုကျပျက်စီးလာချိန်မှာ ခေါင်းဆောင်ဆိုးတွေ ဖြစ်တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ၊ ရဲမှူးကြီးတွေဘက်ကို စစ်သား ရဲသားတွေရဲ့ မောင်းပြန်သေနတ်တွေ ပြန်လှည့်ချိန်ပြီး ပြည်သူဘက်ကူးပြောင်းဖို့ တိုက်တွန်းလိုက်ပါစေခြင်းနဲ့ မိမိတို့ သေနတ်ပြောင်းဝမှာတည်တဲ့ အာဏာကို မိဘပြည်သူတွေရဲ့ အကျိုးအတွက် အသုံးချကြပြီး ဂုဏ်သိက္ခာရှိတဲ့ သမိုင်းမော်ကွန်းသစ် ရေးထိုးဖို့ အချိန်ကောင်းဖြစ်ပါကြောင်း သတိပေး နှိုးဆော်လိုက်ရပါကြောင်း။
မင်းကောင်းချစ်