Home
မြန်မာသတင်း
၂၀၂၄ တွင် နိုင်ငံရေး ရှုပ်ထွေးမှုပိုများလာနိုင်၊ ညီညွတ်ရေးတည်ဆောက်ရန် အဓိကလိုအပ်ဟု လေ့လာသူများ သုံးသပ်
DVB
·
December 26, 2023
DVB-News Pic

လာမယ့် ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ အငြင်းအခုံဖြစ်တာတွေ ရှုပ်ထွေးတာတွေ ပိုများလာနိုင်ပြီး ညီညွတ်ရေးတည်ဆောက်ဖို့က အဓိကစိန်ခေါ်မှုဖြစ်လာမယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပါတယ်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအလွန်ကာလမှာ မြန်မာ့စစ်ရေးချိန်ခွင်လျှာ အပြောင်းအလဲဖြစ်ခဲ့ပြီး မြို့ပေါင်း ၂၁ မြို့ကို တော်လှန်ရေးအင်အားစုတွေက လပိုင်းအတွင်း သိမ်းယူနိုင်ခဲ့တာပါ။ 

မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ မြို့နယ်ပေါင်း ၃၃၀၊ မြို့ပေါင်း ၅၂၃ မြို့အထိရှိနေပြီး မြို့ပေါင်း ၂၁ မြို့သိမ်းယူနိုင်တယ်ဆိုတာဟာ ကိန်းဂဏန်းအားဖြင့် ကြီးမားတဲ့အပြောင်းအလဲတော့ မဟုတ်သေးဘူးလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ 

ကျေးလက်ဒေသရဲ့ နယ်မြေရာခိုင်နှုန်းအများစုကိုတော့ တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်လာနိုင်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေပူးပေါင်းတိုက်ခိုက်ရင် တစုံတရာရလဒ်ကောင်း ရနိုင်တယ်ဆိုတာကတော့ ၁၀၂၇ စစ်ဆင်ရေးက သက်သေဖြစ်ခဲ့ပါတယ်။

မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာလှကျော်ဇောက "နိုင်ငံရေးအရ ရှုပ်ထွေးလာတာတွေ၊ တယောက်တပေါက်ဖြစ်လာတာတွေ၊ ဒီထဲမှာ ကျမတို့သတိထားရမှာက စစ်ကောင်စီက ဝင်ရှုပ်လာနိုင်တယ်ဆိုတာပဲလေ။ တော်လှန်ရေးကို ပေါင်းစည်းညီညွတ်မှုကို ထိခိုက်စေနိုင်မယ့် အလုပ်ဟူသမျှဟာ စစ်ကောင်စီကို အကျိုးပြုတာပဲ။ သတိကြီးကြီးထားပြီး တပ်ပေါင်းစု စိတ်ဓာတ်ဝင်ဖို့ပေါ့ဗျာ။ ညီညီညွတ်ညွတ်လုပ်ကြဖို့တော့လိုတယ်။ ကာလတပိုင်းကတော့ ရှုပ်ထွေးမှုတွေ ရှိနေဦးမှာပဲ။ စစ်ရေးကလည်း တစုံတရာပဲ အောင်မြင်သေးတာပါ။ သိပ်ကြီးကြီးမားမားတော့ မဖြစ်သေးပါဘူး။ ကျမတို့တော်တော်လုပ်ယူရဦးမှာပါ။ အောင်မြင်နေပြီလို့ ပြောလို့မရသေးဘူးလေ" လို့ သုံးသပ်ပါတယ်။

စစ်ရေးအပြောင်းအလဲဖြစ်လာတာနဲ့အတူ စစ်ကိုင်း၊ မကွေးနဲ့ တနင်္သာရီတိုင်းတို့မှာ လွှတ်တော်ခေါ်ယူပြီး ဖက်ဒရယ်ယူနစ် ကြားကာလအစီအမံ ကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေကို အတည်ပြုခဲ့တာ၊ စစ်ကိုင်းဖိုရမ်ကျင်းပတာ၊ ချင်းပြည်နယ်မှာ ပထမအကြိမ် ချင်းပြည်ကောင်စီ ညီလာခံ ကျင်းပတာ၊ ကရင်နီပြည်နယ်မှာလည်း အလားတူဆောင်ရွက်တာတွေရှိလာပါတယ်။ ၂၀၂၁ မတ်လ ၃၁ ရက်နေ့မှာ အတည်ပြုခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်နဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံပေါ်ပေါက်ရေးအတွက် စဉ်းစားမှုတွေလည်းရှိလာပါတယ်။

စစ်ကိုင်းတိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးမြင့်ထွေးက "ကြိုက်တဲ့ပေတံနဲ့တိုင်း ဖက်ဒရယ်ဆိုတာ အာဏာခွဲဝေကျင့်သုံးတာပဲ။ Decentralize ဖြစ်ချင်ဖြစ်မယ်၊ Coming Together ဖြစ်ချင်ဖြစ်မယ်၊ Holding Together ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ်ရင် တချို့သောနေရာတွေမှာ တချို့သောအချိန်အခါတွေမှာတော့ BI ပေါ့ နှစ်ခုပေါင်းပြီးတော့ တည်ဆောက်ရတာတွေ ရှိလိမ့်မယ်။ တချို့အာဏာတွေနဲ့ တချို့လုပ်ပိုင်ခွင့်တွေကတော့ ဗဟိုကနေဖြေလျှော့ပြီးတော့ စီမံခန့်ခွဲတဲ့ ဖက်ဒရယ်ဖြစ်ပေါ်ပြီးတော့ တချို့နေရာတွေမှာတော့ ပြည်နယ်တွေက ကိုယ်တိုင်လိုချင်တဲ့ကိစ္စရပ်တွေ ဒါကတော့ ကျနော်တို့ယူမယ် ပြည်ထောင်စုကတော့ ခင်ဗျားတို့ ဒါပဲယူဆိုတဲ့ Coming Together ပေါ့ ဒီပုံစံတွေလည်း ဖြစ်သွားနိုင်ပါတယ်။ အဲ့ဒီ နှစ်ခုကတော့ ၂၀၂၄ မှာ ပထမဦးဆုံး မြည်းစမ်းကြရမယ့် အခင်းအကျင်းတွေပဲဖြစ်တယ်" လို့ ပြောပါတယ်။

ဥပဒေကျွမ်းကျင်သူတဦးကတော့ တိုင်းရင်းသားတွေ ဦးဆောင်နေရာမှာ ပါဝင်ခွင့်ရနေတဲ့ အခြေအနေမှာ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် စိတ်ပူစရာသိပ်မရှိဘဲ ပြန့်ကျဲနေတဲ့ လက်နက်ကိုင်အစုအဖွဲ့တွေကို ၂၀၂၄ မှာ ဥပဒေတရပ်ရေးဆွဲပြဋ္ဌာန်းစုစည်းနိုင်ရေးက ပိုအရေးကြီးလိမ့်မယ်လို့ သုံးသပ်ပါတယ်။

ဝါရင့်တရားလွှတ်တော်ရှေ့နေက ဦးကြီးမြင့်က "MOD အောက်ကိုပဲဝင်ကြ၊ မဝင်ဘူးဆိုရင် အသိအမှတ်မပြုဘူးဆိုတဲ့ဟာကို နည်းနည်းပျော့လွယ်ပြောင်းလွယ်ဖြစ်အောင်လုပ်ရမယ်။ ဗမာတွေပဲ အခုမဝင်ဘူး ဝင်မယ် ဖြစ်နေကြတာ။ EAO တွေဆီမှာ ပြဿနာမရှိဘူး သူတို့ဆီမှာတော့။ ဗမာ ဗမာချင်းကို လူမျိုးကြီးဝါဒနဲ့တော့ စည်းရုံးလို့မရဘူး။ အဲ့ဒီအမြင်ကို ဥပဒေနဲ့ သိမ်းသွင်းပြီးတော့ MOD အောက်ဝင်ကြ မဝင်ရင် အသိအမှတ်မပြုဘူး ထောက်ပံ့ကြေးလည်းမပေးဘူးဆိုတာကို ပြင်ရလိမ့်မယ်" လို့ ပြောပါတယ်။

စစ်ရေးအသာစီးယူနိုင်မှုနောက်မှာ အုပ်ချုပ်ရေးကို စနစ်တကျဆောင်ရွက်နိုင်ဖို့၊ ဥပဒေပြဋ္ဌာန်ရေးတွေ၊ ဦးဆောင်သူရွေးချယ်ရေးတွေမှာ အငြင်းပွားစရာတွေ ဆက်တိုက် ဖြစ်ပေါ်နေတာပါ။

ချင်းအမျိုးသားတပ်ဦးCNF မှ ဆလိုင်းထက်နီက "အားနည်းချက်တွေတော့ ရှိတာပေါ့။ အားလုံးပါဝင်နိုင်ရေးဆိုတာက ကျနော်တို့ အမြဲတမ်းတံခါးဖွင့်ထားတယ်။ ဘယ်နေရာမှာမှ အားလုံးပါဝင်နိုင်ရေးဆိုတာ ပြီးပြည့်စုံတာတော့ မရှိပါဘူး။ အားလုံးစံမှဆိုတာထက် အားလုံးပါဝင်လာနိုင်အောင်ဆိုပြီးတော့ အဲ့ဒီလမ်းကြောင်းနဲ့ ကျနော်တို့က ဆက်လက်ပြီးတော့ ၂၀၂၄ မှာတော့ စစ်ရေးနဲ့နိုင်ငံရေးကို တွန်းတွန်းတိုက်တိုက် ဟန်ချက်ညီညီ ဆောင်ရွက်နေပါတယ်ပေါ့" လို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ မြေပြင်က အငြင်းပွားမှုတွေကို သိနားလည်ထားပြီး တော်လှန်ရေးစတင်ကတည်းက ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံပြဋ္ဌာန်းရေးအပါအဝင် နိုင်ငံရေးအရ ဆောင်ရွက်သင့်တာတွေကို ပြင်ဆင်ခဲ့ပြီး ဆွေးနွေးမှုတွေလည်း စဉ်ဆက်မပြတ် ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က "နိုင်ငံရေးအရဆွေးနွေးတာရှိမယ် စစ်ရေးအရ ပူးတွဲဆောင်ရွက်တာရှိမယ်။ အဲ့ဒီကြားထဲမှာ မကျေလည်တာ အထင်အမြင်လွဲတာတွေရှိမယ်၊ ငြင်းကြခုံကြ စကားများကြတယ်ဆိုတာ ပုံမှန်ပါပဲ။ ဘယ်နိုင်ငံမှာမဆိုရှိတယ် နိုင်ငံရေးလမ်းကြောင်းမှာ။ သဘောထားကွဲတာတွေရှိတယ် သဘောထားမတူတာတွေရှိတယ်၊ စားပွဲဝိုင်းအပေါ်မှာ ကျနော်တို့အချင်းချင်း ညှိနှိုင်းဆွေးနွေးခြင်းအားဖြင့် အဖြေရှာပြီးတော့ သဘောတူညီချက်ရပြီးတော့ အတူတကွလက်တွဲဆောင်ရွက်နိုင်ဖို့အတွက် အရေးကြီးတယ်ဆိုတာ ပြောကြားချင်ပါတယ်" လို့ ပြောပါတယ်။

သံတမန်အရေးနဲ့ပတ်သက်ရင်တော့ တရုတ်၊ အိန္ဒိယ၊ အာဆီယံနဲ့ အနောက်နိုင်ငံတွေအားလုံးက မြန်မာ့အရေးကို စောင့်ကြည့်နေတဲ့အခြေအနေမှာပဲရှိနေပြီး အသာစီးယူနိုင်ဖို့နဲ့ ကိုယ့်ဘက်ပါလာဖို့ဆိုတာက ၂၀၂၄ အတွင်း တော်လှန်ရေးအင်အားစုတွေရဲ့ စွမ်းဆောင်မှုအပေါ်မှာပဲ မူတည်နေဦးမယ်လို့ လေ့လာသူတွေက ခန့်မှန်းပါတယ်။

ဒေါက်တာလှကျော်ဇောက "ဘေးပတ်ဝန်းကျင်နိုင်ငံတွေကပေါ့နော် အကုန်လုံးပါပဲ သူ့နိုင်ငံအကျိုးစီးပွားပေါ်ကနေကြည့်မှာပါပဲ။ အခုလောလောဆယ်တော့ သူတို့လည်း သဘောပေါက်နေတာက ဒီစစ်ကောင်စီနဲ့တော့ ဗမာပြည်ကြီး ဖွံ့ဖြိုးတိုးတက်မှာမဟုတ်ဘူး။ သူတို့အတွက်လည်း ဘာမှအကျိုးစီးပွားရှိမှာမဟုတ်ဘူးလို့တော့ သဘောပေါက်နေကြပုံရတယ်။ တော်လှန်ရေးသမားများဘက်ကလည်း ကောင်းကောင်းမွန်မွန် တည်တည်တံ့တံ့ လုပ်ပြဖို့တော့လိုတယ်။ အောင်ပွဲရထားတဲ့နေရာတွေမှာ စနစ်တကျအုပ်ချုပ်ပြတာ ကောင်းမွန်တဲ့ အစိုးရတွေဘာတွေ တဆင့်ပြီးတဆင့်လုပ်ပြတာတွေ များလာရင်တော့ သူတို့ဘက်က လှုပ်ရှားလာမှာပေါ့" လို့ ပြောပါတယ်။

စစ်ကောင်စီက နောက်ဆုံးအချိန်အထိ သူတို့အာဏာတည်မြဲရေးအတွက် နည်းလမ်းစုံကို အသုံးပြုဖို့ ကြိုးစားမှာဖြစ်ပြီး ဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ခေါင်းဆောင်တွေအပါအဝင် ပြည်သူ ၁၉၀၀၀ ကျော်ကို လိုအပ်ရင်လိုအပ်သလို အသုံးချပြီး ၂၀၂၄ မှာ နိုင်ငံရေးကစားတာတွေလည်း ပြုလုပ်လာနိုင်တယ်လို့ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက ခန့်မှန်းပါတယ်။

"အထွေထွေ အကျပ်အတည်းဆိုက်လာတဲ့ စစ်အုပ်စုဟာ လိုအပ်လာတဲ့အချိန်မှာ ကျနော်တို့ရဲ့ ခေါင်းဆောင်များ အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို နိုင်ငံရေးဖဲတချပ်ပမာပေါ့ဗျာ အသုံးပြု ကောင်း ပြုလာနိုင်တယ်။ ဒီအတွက်က ကျနော်တို့ပြည်သူလူထုက မျှော်လင့်ထားပြီးဖြစ်သလို မည်သို့မည်ပုံ တုံ့ပြန်ဆောင်ရွက်ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်ထားပြီးသား ဖြစ်တယ်လို့ ကျနော့်အနေနဲ့ ရှုမြင်ပါတယ်။ အခုအချိန်သည် တက်ထောင်လို့ရတဲ့ အခြေအနေ မဟုတ်သေးဘူး။ အောင်ပွဲခံလို့ရတဲ့ အခြေအနေမဟုတ်သေးဘူး။ အဆုံးသတ်ပန်းတိုင်ကို ရောက်ဖို့ရာအတွက် ဆက်လက်ပြီးတော့ သွေးစည်းညီညွတ်စွာဖြင့် ပြည်သူအားလုံး ဆက်လက်ချီတက်ကြပါစို့လို့ပဲ ကျနော့်အနေနဲ့ တိုက်တွန်းစကားပြောကြားချင်ပါတယ်။”

စစ်ကောင်စီကတော့ စစ်ရေးအရအသာစီးပြန်ယူနိုင်ဖို့ ၂၀၂၄ ထဲမှာ နည်းလမ်းစုံသုံးနေဦးမှာဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ၂၀၂၁ မတ်လကုန်မှာ ကြေညာထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ကဏ္ဍကြီး ၅ ရပ်ဖြစ်တဲ့ နိုင်ငံရေး၊  နိုင်ငံခြားရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးနဲ့ ကာကွယ်ရေးကဏ္ဍတွေကို တော်လှန်ရေးဦးဆောင်အစုအဖွဲ့တွေက၂၀၂၄ မှာ ဘယ်လောက်အဆင့်မြှင့်တင်နိုင်မယ်ဆိုတာ စောင့်ကြည့်ရမယ့်အခြေအနေဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024