ဆော်ဒီမြို့တော် ရီယက်ဒ်မှာ ဒီဇင်ဘာ ၂၄ ရက်က ကျင်းပခဲ့တဲ့ ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့ပြိုင်ပွဲမှာ ဗြိတိန်နိုင်ငံသား အန်သိုနီဂျိုရှူအာဟာ ဆွီဒင်နိုင်ငံသား အော့တိုဝေါလ်လင်ကို လက်ရည်အသာနဲ့ အနိုင်ရရှိသွားပါတယ်။
ဟဲဗီးဝိတ် ခါးပတ်ချန်ပီယံနှစ်ဆုရှင် ဂျိုရှူအာက ၅ ချီမြောက်အတွင်း ဝေါလ်လင်ကို ချက်ကောင်းမိခဲ့ပြီး ယိုင်နဲ့ သွားတဲ့အထိ ဖြစ်စေခဲ့ပါတယ်။
ဒါကြောင့် ၅ ချီမြောက်အပြီး၊ ၆ ချီမြောက်မတိုင်ခင် အနားယူချိန်အတွင်း ဆွီဒင်လက်ဝှေ့သမားရဲ့ အသင်းက ဆက်လက် မယှဉ်ပြိုင်နိုင်တော့ကြောင်း ဒိုင်လူကြီးကို အသိပေးခဲ့တာ ကြောင့် ဗြိတိန်နိုင်ငံသားအနေနဲ့ အောင်ပွဲခံနိုင်ပါတယ်။
နောက်ထပ် အဓိကပွဲစဉ်တခုမှာတော့ နာမည်ကြီး အမေရိကန်လက်ဝှေ့သမား ဒီယွန်းတေး ဝိုင်းလ်ဒါကို နယူးဇီလန်နိုင်ငံသား ဂျိုးဆက်ပ်ပါကာက ဒိုင်လူကြီးတွေရဲ့ တညီတညွတ်တည်း ဆုံးဖြတ်မှုအရ အနိုင်ရရှိခဲ့ပါတယ်။
ဒီပွဲစဉ်မှာ ဝိုင်လ်ဒါရဲ့ ရှုံးနိမ့်မှုကြောင့် ဂျိုရှူအာနဲ့ ထိုးသတ်ရမယ့် ကမ္ဘာ့ချန်ပီယံ ပွဲစဉ်အတွက် စိုးရိမ်ဖွယ်ရာ ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်တွေကို UFC ချန်ပီယံဟောင်း ကော်နာမက်ဂရီဂေါ်နဲ့ ကမ္ဘာ့ဘောလုံး ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒိုတို့ပါ လာရောက် ကြည့်ရှုခဲ့ကြတာပါ။
Photo-Reuters