အာဏာသိမ်းစစ်ခေါင်းဆောင်တဦး လာရောက်ဖို့ရှိတာကြောင့် ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်အတွင်းနဲ့ ပြည်လမ်းမတလျှောက် လုံခြုံရေး တင်းကျပ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဒါမှမဟုတ် ဒုစစ်ခေါင်းဆောင် စိုးဝင်းအနေနဲ့ မင်္ဂလာဒုံမြို့နယ်က တပ်မတော်သူနာပြုတက္ကသိုလ် ကျောင်းဆင်းပွဲကို တက်ရောက်ဖို့ ရှိတာကြောင့် လုံခြုံရေးကို အထူးတင်းကျပ်ထားတာ ဖြစ်နိုင်တယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက “ဘယ်ရက်ဆိုတာတော့ သေချာမသိရသေးဘူး။ ကျောင်းဆင်းပွဲရှိတယ်။ မင်းအောင်လှိုင် လာမှာလား၊ စိုးဝင်း လာမှာလားတော့ မသိရဘူး။ ဒီရက်ထဲ ဧည့်စာရင်းတွေလည်း တောက်လျှောက်ဝင်စစ်နေတယ်။ လမ်းပေါ်လည်း စစ်သားနဲ့ ရဲ တောက်လျှောက် လုံခြုံရေးယူထားတယ်” လို့ ပြောပါတယ်။
မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းမှာ ရဲတွေက တန်းစီလမ်းလျှောက်ကင်းလှည့်နေသလို ခရေပင်လမ်းခွဲလမ်းဆုံ လေးဖက်လုံးနဲ့ လူကူးခုံးကျော်တံတားပေါ်မှာလည်း ကင်းပုန်းတွေ ချထားကြောင်း၊ ဒါ့အပြင် ပြည်လမ်းမတလျှောက် လမ်းသွယ်တခုချင်းစီရဲ့ လမ်းထိပ်တွေမှာ ရဲနဲ့ စစ်သား နှစ်ယောက်စီ ကင်းချထားပါတယ်။
မင်္ဂလာဒုံဒေသခံတဦးက “လုံခြုံရေးတွေ ကျပ်နေလို့ ဆိုင်ကယ်သမားတွေလည်း လမ်းမပေါ် သိပ်မတက်ရဲကြဘူး။ လမ်းဘေးဆိုင်တွေလည်း ပိတ်ထားရတယ်” လို့ ပြောပါတယ်။
လမ်းမတလျှောက်မှာလည်း စစ်ကားနဲ့ ရဲကားတွေက အင်အားအပြည့်နဲ့ လှည့်လည် လုံခြုံရေးယူထားတာ တွေ့ရပါတယ်။
လက်ရှိမှာ အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းဟာ ရန်ကုန်မြို့ကို ရောက်ရှိနေတာဖြစ်ပြီး သူရောက်နေတဲ့ မနေ့က ရန်ကုန်မြို့မှာ ဗုံးပေါက်ကွဲမှု ၃ကြိမ် ရှိခဲ့ပါတယ်။
ပြီးခဲ့နှစ်က အကြမ်းဖက်စစ်ခေါင်းဆောင် မင်္ဂလာဒုံမြို့နယ်က စစ်တက္ကသိုလ် ဗိုလ်လောင်းကျောင်းဆင်းပွဲ တက်ရောက်မယ့်ရက်မတိုင်မီ အဲဒီမြို့နယ်မှာ ဗုံးပေါက်ကွဲမှုတွေ ရှိခဲ့တာကြောင့် အခုလို လုံခြုံရေးတင်းကျပ်ထားတာ ဖြစ်နိုင်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ဒါ့အပြင် ဒီရက်ပိုင်းအတွင်း ရန်ကုန်မြို့မှာ စစ်ကောင်စီထောက်တိုင် နေရာတွေကို မြို့ပြတော်လှန်ရေးအင်အားစုတွေက ဗုံးခွဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။