ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာအထက်ဘက်က တောင်ရှည်တောင်မှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ ဒီဇင်ဘာ ၂၅ မနက် ၁၀ နာရီလောက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“စစ်ကောင်စီရဲ့ တောင်ရှည်တောင် ဗျူဟာကုန်းဘက်မှာ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်နေတာပါဗျ။ လက်နက်ကြီး လက်နက်ငယ်သံတွေလည်း ဆက်တိုက်ကြားရတယ်။ ကိုယ့်ဘက်ကတော့ ရလဒ်ကောင်းနေတယ်လို့ သတင်းရပြီး စစ်ကောင်စီတပ်သား ဘယ်နှစ်ယောက် သေဆုံးတယ်ဆိုတာကိုတော့ အတိအကျ မသိရသေးဘူး။”
တိုက်ပွဲဖြစ်ပွားတဲ့ နေရာနားကို ကျောက်တော်အခြေစိုက် စခက ၉ တပ်မက လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေပြီး ပြည်သူတွေနေထိုင်တဲ့ ရပ်ရွာဘက်တွေကိုပါ ညနေ ၃ နာရီကျော်အထိ ရမ်းကားပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်းက မြို့နယ်ပေါင်း ၁၆ မြို့နယ်မှာ အောက်တိုဘာ ၂၇ ရက်ကနေ ဒီဇင်ဘာ ၁၀ ရက်အထိ စစ်ကောင်စီရဲ့ ဗျူဟာကုန်း၊ နယ်ခြားစောင့်စခန်းတွေ အပါအဝင် စစ်စခန်းပေါင်း ၁၄၂ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီဇင်ဘာ ၁၄ ရက်မှာ ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူတယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြောက်ဦးမြို့မှာ ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီကျော်လောက်က မြောက်ဦးအခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၃၇၇၊ ၃၇၈၊ ၅၄၀ တပ်ရင်းတွေက ပြည်သူတွေနေထိုင်တဲ့ ရပ်ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ မြောက်ဦးမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ဆင်ချဆိပ်ရပ်ကွက်မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၀ အရွယ် ဦးမောင်မောင်သိန်း နေရာမှာတင် သေခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အသက် ၁၁ နှစ်အရွယ် မမြတ်မြတ်သွယ်၊ အသက် ၁၈ နှစ်အရွယ် မခင်စိုးဝင်းနဲ့ အသက် ၄၃ နှစ်အရွယ် ဦးထွန်းဖြူသာတို့မှာ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ပြောပါတယ်။
မြောက်ဦးမြို့မှာ ဒီဇင်ဘာ ၂၅ ရက် မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် မြောက်ဦးရှေးဟောင်းယဥ်ကျေးမှုပြတိုက် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းက တကျော့ပြန်တိုက်ပွဲတွေ ပြန်လည် စတင်ပြီးနောက်ပိုင်း ရသေ့တောင်၊ စစ်တွေ၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီတပ်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ နေ့ရောညပါ ပစ်ခတ်ခဲ့လို့ ဒေသခံပြည်သူ ၄၀ နီးပါးလောက် သေဆုံးကာ ၁၀၀ ကျော်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။