ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်ထဲကို ဒီဇင်ဘာ ၂၅ ရက် မွန်းတည့် ၁၂ နာရီ ကျော်လောက်မှာ အမည်မသိ လူတစုက သေနတ်တွေနဲ့ ဝင်ရောက် ဓားပြတိုက်သွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
အောင်မင်္ဂလာရပ်ကွက်ထဲကို အရပ်ဝတ်တွေနဲ့ လူ ၆ ယောက်က လာရောက်ဓားပြတိုက်တာဖြစ်ပြီး ဓားပြတွေ သေနတ်နဲ့ ပစ်ခတ်လို့ လူငယ်တဦး ဒဏ်ရာရသွားပြီး ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ အောင်မင်္ဂလာရပ်ကွက်နေသူ တယောက်က ပြောပါတယ်။
"သူတို့က ၆ ယောက်လောက်ရှိတယ် အရပ်ဝတ်တွေနဲ့ပဲ၊ သေနတ်တွေနဲ့ အစိမ်းရောင် ၃ ဘီး လေးနဲ့လာကြတာ။ အောင်မင်္ဂလာရပ်ကွက်ထဲက ဦးခမီရဲ့အိမ်ကို ဝင်သွားကြတယ်။ အဲ့ဒီအိမ်က အမျိုးသမီး ၂ ယောက်ကို ခေါ်သွားဖို့ ကြိုးစားနေချိန်မှာ ဘေးအိမ်တွေက ဝိုင်းအော်ပြီး ပြန်ဝိုင်းဖို့ လုပ်ကြတော့ သူတို့ဘက်က သေနတ်တွေနဲ့ ရပ်ကွက်သားတွေကို ပြန်ပစ်တာ။ လူငယ်တယောက်၊ ကလေးတယောက် သေနတ်မှန်သွားတယ်၊ လောလောဆယ်တော့ သူတို့ကို ဆေးခန်းကိုဝိုင်းပြီး ပို့ထားလိုက်တယ်။”
ငွေကြေး ဘယ်လောက် ဓားပြတိုက်ခံရတယ်ဆိုတာနဲ့ ထိခိုက်ဒဏ်ရာရတာ ရှိမရှိ ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။
မျက်မြင်တွေ့ခဲ့သူတယောက်က "သူတို့က အိမ်ကတံခါးကို ဖျက်ပြီး အိမ်ထဲကိုဝင်လာကြတာ။ သူတို့အိမ်က လေးထပ်တိုက် ဆိုတော့ ချမ်းသာတယ်လို့ယူဆပြီး ရွေးပြီးတိုက်တာဖြစ်မယ်။ အိမ်ထဲရောက်တာနဲ့ မိသားစုအားလုံးကို တနေရာတည်း ဓားပြ နှစ်ယောက်က သေနတ်ထောက် ထိုင်ခိုင်းထားပြီး ကျန်တဲ့သူတွေက တအိမ်လုံးကို ရှာကြတယ်။ အိမ်ရှေ့မှာလည်း သေနတ်တွေနဲ့ ထိုင်စောင့်နေတော့ ရပ်ကွက်ထဲကလူတွေက သူတို့ အိမ်ရှေ့ဖြတ်ပြီးမကြည့်ရဲဘူး၊ အဲ့ဒီအချိန်မှာ အိမ်ဘေးက လူတွေက ဓားပြတိုက်နေတယ်ဆိုပြီး အော်ကြတာ။ အဲ့ဒီတော့မှ သူတို့ကထွက်ပြေးဖို့ လုပ်တာ၊ အဲ့လိုထွက်ပြေးဖို့လုပ်တဲ့အချိန်မှာ ရပ်ကွက်က ဝိုင်းထားတော့ အဲ့ဒီဓားပြတွေက လူအုပ်ကို သေနတ်နဲ့ပစ်ပြီး ထွက်ပြေးသွားကြတာ" လို့ ပြောပါတယ်။
ဓားပြတိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်တွေ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဒီဗွီဘီက ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
လတ်တလောမှာတော့ ဓားပြတိုက်ခံရတဲ့ အိမ်ကလူတွေကိုတော့ စစ်ကောင်စီလက်အောက်ခံ ရဲ အဖွဲ့က လာရောက်စစ်ဆေးပြီး ဖုန်းတွေကိ သိမ်းယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။