Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ကားမှောက်ပြီး ရဟန်း ၂ ပါး၊ ကိုရင် ၃ ပါးနှင့် လူ ၂ ဦး ထိခိုက်
DVB
·
December 25, 2023
CarAccident_25122023

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းမှာ ဒီဇင်ဘာ ၂၄ ရက် နေ့လယ်ပိုင်းက ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး ရဟန်း ၂ ပါး၊ ကိုရင် ၃ ပါးနဲ့ လူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၅၇/၀ ဖာလုံကြားမှာ သံဃာတော်တွေ တင်ဆောင်လာတဲ့ Toyota Hilux Surf အညိုရောင်ကားဟာ ဒီဇင်ဘာ ၂၄ ရက် နေ့လယ် ၁၂ နာရီ ၅၀ မိနစ်က ယာဉ်မောင်းအိပ်ငိုက်သွားတာကြောင့် တိမ်းမှောက်ခဲ့ပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်ပါလာတဲ့ ရဟန်း ၂ ပါး၊ ကိုရင် ၈ ပါး၊ ကျောင်းသား ၃ ဦးနဲ့ ယာဉ်မောင်း ၁ ဦး စုစုပေါင်း ၁၃ ဦးထဲက ရဟန်း ၂ ပါး၊ ကိုရင် ၃ ပါး၊‌ ယာဉ်မောင်းနဲ့ ကျောင်းသား ၁ ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်တဦးက “ယာဉ်မောင်းအိပ်ငိုက်သွားတဲ့ကား မှောက်သွားတာပါ။ ရဟန်းတပါးက ခေါင်းကွဲသွားပြီး နောက်တပါးက ခေါင်းပွန်းပြီး တံတောင်စစ်မှာ ပဲ့သွားတယ်။ လူ ၂ ယောက်ထဲက ကလေးတယောက်က ပါးလေး နည်းနည်းရောင်တာပဲ။ နောက်တယောက်ကတော့ ဗိုက်နဲ့ခါးနဲ့ ထိသွားတာ ဟုတ်မယ် အောက်ပိုင်းလှုပ်မရဘူး။ ကိုရင် ၃ ပါးထဲက တပါးက လက်ဖျံအသားပဲ့သွားတယ်၊ တပါးက ပေါင်ပဲ့သွားပြီး တပါးကတော့ အထဲကနံတွေဘာတွေ အောင့်သွားတယ်။ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိကြပါဘူး” လို့ ပြောပါတယ်။

ယာဉ်တိမ်းမှောက်တဲ့နေရာကို ဘောနီ အမြန်လမ်းမီးသတ်ဖွဲ့ဝင်တွေနဲ့အတူ ဘောနီ အမြန်လမ်းရဲစခန်းမှ စခန်းမှူးနဲ့ တပ်ဖွဲ့ဝင်တွေက ‌သွားရောက်ကူညီခဲ့ပြီး ဒဏ်ရာရရှိသူတွေကို EMS 192 လူနာတင်ယာဉ်နဲ့ ပဲခူးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၂၄/၅ မှာ ဒီဇင်ဘာ ၂၁ ရက်ကလည်း ယာဉ်တိုက်မှုဖြစ်ပွားပြီး ၁၀ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024