ဆားဘီးယားနိုင်ငံရဲ့ မြို့တော် ဘယ်လ်ဂရိတ်ရဲ့ မြို့လယ်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတရပ်ကို ထောင်နဲ့ချီတဲ့လူတွေ ဒီဇင်ဘာ ၂၄ ရက်က တက်ရောက်ခဲ့ပါတယ်။
နိုင်ငံတကာ အကဲခတ်တွေက တရားမျှတမှု မရှိဘူးလို့ ကောက်ချက်ချခဲ့တဲ့ လွန်ခဲ့တဲ့တပတ်က လွှတ်တော်နဲ့ ဒေသန္တရ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွေရဲ့ ရလဒ်ကို ဖျက်သိမ်းရေး တောင်းဆိုဆန္ဒပြနေကြတာဖြစ်ပါတယ်။
ဒေသန္တရရွေးကောက်ပွဲကော်မရှင် အခြေစိုက်ရာ ဘယ်လ်ဂရိတ် မြို့တော်ခန်းမကို လူအုပ်ကြီးက ဖောက်ထွင်းဝင်ရောက်ဖို့ ကြိုးစားပြီးတဲ့နောက် ရဲတပ်ဖွဲ့က ငရုတ်ကောင်းရည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနရဲ့ မျက်မြင်သက်သေတဦးက ပြောပါတယ်။
ဆန္ဒပြသူတချို့က အဆောက်အဦပေါ်ကိုတက်ပြီး ပြတင်းပေါက်တွေကို ဖြိုဖျက်ရင်း ပြည်သူကို သစ္စာဖောက်သူတွေလို့ အော်ဟစ်ကြွေးကြော်ခဲ့ကြပါတယ်။
အကြမ်းဖက်မှု ဆန့်ကျင်ရေး ဆားဘီးယား ညွန့်ပေါင်းအဖွဲ့က လူတွေက မြို့တော်ခန်းမတံခါးကို ဖွင့်ဖို့ ကြိုးစားခဲ့ပေမဲ့ မဝင်နိုင်ခဲ့ဘဲ လူအုပ်ကြီးက ဝင်ထား၊ ဝင်ထား၊ အရှုံးမပေးနဲ့၊ စတဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ကြပါတယ်။
အကြမ်းဖက်မှုကိုဆန့်ကျင်တဲ့ ဆားဘီးယားအဖွဲ့က အဖွဲ့ဝင် မာရီနစ်ကာ တေပစ်က ရွေးကောက်ပွဲစတည်းက ရွေးကောက်ပွဲကို ဖျက်သိမ်းဖို့ တောင်းဆိုရင်း အစာငတ်ခံ ဆန္ဒပြနေခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က ကျင်းပတဲ့ ကြားဖြတ် လွှတ်တော်ရွေးကောက်ပွဲအတွင်း လူကြိုက်များတဲ့ အာဏာရ ဆားဘီးယား တိုးတက်ရေးပါတီ (SNS) ဟာ မဲအရေအတွက် ၄၆ ဒသမ ၇၂ ရာခိုင်နှုန်း အနိုင်ရခဲ့တယ်လို့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရဲ့ ပဏာမ ရလဒ်တွေက ဖော်ပြထားပါတယ်။
နိုင်ငံတကာစောင့်ကြည့်ရေး မစ်ရှင်တခုက SNS ဟာ မီဒီယာဘက်လိုက်မှု၊ သမ္မတ အလက်ဇန်းဒါး ဗူတစ်ချ်ရဲ့ မသင့်တော်တဲ့ သြဇာလွှမ်းမိုးမှုနဲ့ မဲဝယ်တာလိုမျိုး မဲမသမာမှုတွေကြောင့် SNS ဟာ တရားမျှတမှုမရှိတဲ့ အားသာချက်ကို ရခဲ့တယ်လို့ တနင်္လာနေ့က ပြောခဲ့ပါတယ်။
ရွေးကောက်ပွဲက တရားမျှတတယ်လို့ သမ္မတ ဗူတစ်ချ်က ပြောခဲ့ပါတယ်။
Source/Photo-Reuters