Home
မြန်မာသတင်း
မြောက်ဦးတွင် လက်နက်ကြီးကြောင့် ပြည်သူ ၁ ဦးသေ၊ ကျောက်ဖြူတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၄ ဦး ဒဏ်ရာရ
DVB
·
December 24, 2023
Myauk U Arm victims-24122023
AA_2412202

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူ ၁ ယောက် သေဆုံး၊ ၅ ယောက် ဒဏ်ရာရပြီး ကျောက်ဖြူမြို့နယ်မှာတော့ ရက္ခိုင့်တပ်တော်(အေအေ)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပြီး စစ်ကောင်စီဘက်က ၄ ယောက် အပြင်းအထန်ဒဏ်ရာရသွားပါတယ်။

မြောက်ဦးမြို့မှာ ဒီဇင်ဘာ ၂၄ ရက် မနက် ၃ နာရီကျော်လောက်က ရက္ခိုင့်တပ်တော်(အေအေ)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီရဲ့ မြောက်ဦးအခြေစိုက် ခမရ ၅၄၀နဲ့ ၃၇၇ တပ်ရင်းတို့က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ မြောက်ဦးမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီလက်နက်ကြီးကျည်ဟာ မြောက်ဦးမြို့နယ် ဆင်ချဆိပ်ရပ်ကွက်နဲ့ ရွာဟောင်းတော ကျေးရွာတို့မှာ ကျရောက်ပေါက်ကွဲပြီး ဆင်ချဆိပ်ရပ်ကွက်က အသက် ၃၆ နှစ်အရွယ် ဦးပေါက်စချေ၊ ၄၃ နှစ်အရွယ် ဦးစိုးဝင်း၊ ၁၄ နှစ်အရွယ် မောင်မျိုးမင်းထွန်း၊ ၂၉ နှစ်အရွယ် ကိုလင်းဇော်ထွန်း၊ ၁၉ နှစ်အရွယ် မဝတီလှိုင်နဲ့ ရွာဟောင်းတောရွာက အသက် ၄၀ အရွယ် ဦးမောင်မောင်သိန်းတို့ လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့သူတွေကို မြောက်ဦးခရိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ဆေးဝါးကုသနေပြီး ဦးခေါင်းမှာ ပြင်းထန်ဒဏ်ရာရသူ ကိုလင်းဇော်ထွန်းကတော့ ကုသနေရင်း မနက် ၁၀ နာရီကျော်လောက်မှာ သေဆုံးသွားပြီလို့ ဒေသခံတယောက်က ပြောပါတယ်။

ဒေသခံတယောက်က “မြောက်ဦးမြို့နယ်အတွင်းမှာ လက်နက်ကြီး လက်နက်ငယ်သံတွေ ကတော့ တမြို့လုံး အဆက်မပြတ် ဆူညံနေအောင် ကြားရတယ်ဗျ။ မနက် ၇ နာရီလောက်ကျမှ ပစ်ခတ်သံတွေ နည်းနည်းငြိမ်သွားတယ်။ မြို့ထဲမှာရှိတဲ့ ပြည်သူတွေ ကတော့ ဘေးလွတ်ရာတွေကို အသက်လုပြီး ထွက်ပြေးပုန်းအောင်းနေကြရတယ်” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၁၃ ရက်ကလည်း မြောက်ဦးမြို့မှာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး လေကြောင်းတိုက်ခိုက်ခဲ့လို့ ရှေးဟောင်းသမိုင်းဝင် ဘုရားတဆူနဲ့ သာသနိကအဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကျောက်ဖြူမြို့နယ်မှာတော့ ဒီဇင်ဘာ ၂၃ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်မှာ ရက္ခိုင်တပ်တော် အေအေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ၄ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကျောက်ဖြူမြို့နယ်၊ စနဲတိုက်နယ်၊ စနဲမြို့နဲ့ အဝတောင်ကျေးရွာကြားကို ဒီဇင်ဘာလ ၂၃ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်မှာ တောင်မော်ဦးရေတပ်စခန်းက စစ်ကောင်စီ တပ်သား အင်အား ၄၀ ကျော်လောက် နယ်ကျွံလာတာကြောင့် ရက္ခိုင့်တပ်တော်(အေအေ)က တိုက်ခိုက်ခဲ့ပြီး  နှစ်ဘက်အပြန်အလှန်ထိတွေ့တိုက်ပွဲ မိနစ် ၂၀ လောက်မှာ စစ်ကောင်စီတပ်သား ၄ ယောက်လောက် အပြင်းထန်ဒဏ်ရာရလို့ ပြန်လည် ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ ပတ်ဝန်းကျင်တွေကို မနက် ၁၁ နာရီကျော်လောက်က စပြီး စစ်ကောင်စီရဲ့ အမှတ် ၁၈ တောင်မော်ဦးရေတပ်စခန်းနဲ့ စစ်ရေယာဉ်တွေက ဒီဇင်ဘာလ ၂၄ ရက်နေ့ မနက်အစောပိုင်းအထိ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်းက မြို့နယ်ပေါင်း ၁၆ မြို့နယ်မှာ အောက်တိုဘာ ၂၇ ရက်နေ့ကနေ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ စစ်ကောင်စီရဲ့ ဗျူဟာကုန်း၊ နယ်ခြားစောင့်စခန်းတွေအပါဝင် စစ်စခန်းပေါင်း ၁၄၂ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ရက္ခိုင့်တပ်တော်(အေအေ)က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024