အိုက်စလန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ပေါက်ကွဲနေတဲ့ မီးတောင်ရဲ့ ခြိမ်းခြောက်မှု အန္တရာယ် လျော့ကျလာပြီဖြစ်လို့ မီးတောင်ပေါက်ကွဲတဲ့နေရာကို ဒီဇင်ဘာ ၂၂ ရက်မှာ အင်ဂျင်နီယာတွေဟာ ဒရုန်းတွေ အသုံးပြုပြီး စူးစမ်းခဲ့ကြပါတယ်။
အင်ဂျင်နီယာအတိုင်ပင်ခံအဖွဲ့တဖွဲ့က ဧရိယာအတွင်း အခြေအနေကို အကဲဖြတ်ရာမှာ သုံးဖို့ ဒရုန်းတွေနဲ့ ဓာတ်ပုံတွေ ရိုက်ယူခဲ့ပါတယ်။ စဗာစန်ဂီ မြေထုအပူသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံနားမှာ နိုဝင်ဘာလက စတင်တည်ဆောက်ခဲ့ပြီး အခု ပြီးစီးလုနီးပါး ဖြစ်နေတဲ့ မြေသား အတားအဆီးတွေနားမှာ မြေတွေ ရွေ့နေတာကို တွေ့ရပါတယ်။
အိုက်စလန် အနောက်တောင်ပိုင်းမှာ ဒီဇင်ဘာ ၁၈ ရက်နှောင်းပိုင်းက မီးတောင်ပေါက်ကွဲခဲ့ပြီး လူပေါင်း ၄၀၀၀ ရှိတဲ့ ဂရင်ဒါဗစ်ခ်မြို့ကို ဘေးလွတ်ရာဆီ အပြီးသတ် ရွှေ့ပေးခဲ့ရကာ မီးတောင်ပေါက်တဲ သီတင်းပတ်တွေအတွင်း နောက်ဆက်တွဲ ငလျင်တွေလည်း လှုပ်ခဲ့ပါတယ်။
မီးတောင်မှာ မြင်ရတဲ့ လှုပ်ရှားမှုတွေ မရှိတော့တဲ့နောက်ပိုင်းမှာ ခြိမ်းခြောက်မှုအဆင့်ကို အရေးပေါ်အခြေအနေဆီ လျှော့ချလိုက်တယ်လို့ မြို့ပြကာကွယ်ရေးအာဏာပိုင်တွေက သောကြာနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ကျောက်ရည်ပူတွေ နေ့တိုင်း ဆက်ပြီးများလာနေလို့ စဗာစန်ဂီ မီးတောင်တဝိုက်မှာ မီးတောင်ပေါက်ကွဲနိုင်ခြေ နေ့စဉ်တိုးပွားလာနေတယ်လို့ အိုက်စလန်နိုင်ငံရဲ့ မိုးလေဝသဌာနက သတိပေးထားပါတယ်။
Source/Photo - Reuters