ဧရာဝတီတိုင်းအတွင်းက မြို့ဝင်ဂိတ်တွေ၊ ရဲကင်းတွေနဲ့ စစ်ဆေးရေးဂိတ်တွေမှာ ကုန်တင် ယာဉ်မောင်းတွေကို စစ်တပ်နဲ့ ရဲအပါအဝင် ဌာနဆိုင်ရာအဖွဲ့တွေ အောက်တိုဘာ လကစပြီး ငွေတောင်းကြမ်းလာတဲ့အတွက် ကုန်တင်ယာဉ်တချို့ လုပ်ငန်းရပ်နား ထားတယ်လို့ ကုန်တင်ယာဉ်မောင်းတွေက ပြောပါတယ်။
ကုန်တင်ယာဉ်မောင်းတွေဟာ ယာဉ်ပိုင်ရှင်ဆီက ခေါက်ကြေးစနစ်နဲ့ မောင်းနှင်ရပြီး လက်ရှိကာလမှာ စစ်ဆေးရေးဂိတ်တွေကို ပိုက်ဆံပေးရတာကြောင့် တွက်ခြေ မကိုက်တော့ဘဲ ဒီဇင်ဘာလအတွင်းမှာ ကုန်ကားပြန်အပ်လိုက်ရတယ်လို့ မအူပင်မြို့နယ်က ကားသမားတယောက်က ပြောပါတယ်။
“တနေ့နဲ့ တနေ့ ကုန်ဈေးနှုန်းက တက်နေရတဲ့အထဲ ကိုယ့်လုပ်စာ ကိုယ်မစားရတော့ဘူး။ အလုပ်လည်း စိတ်ဖြောင့်ဖြောင့် လုပ်ရတဲ့နေ့မရှိဘူး။ ဟိုစစ် ဒီရစ်နဲ့ အရင်က အသွား ၁ ခေါက် ၂ သိန်း၊ အပြန် ၁ ခေါက် ၂ သိန်း ရတယ်။ ဟိုပေး ဒီပေး၊ စပါယ်ယာခ၊ ယာဉ်မောင်းခ နုတ်ပြီး ၂ သိန်း ကျန်တယ်။ အခု ၅ သောင်းကျန်ဖို့တောင် မနည်းလုပ်နေရတယ်။ အရစ်မခံ၊ အစစ်မခံရဘဲ ငွေမပေးရဘဲ အလုပ် လုပ်မရတာ ၃ နှစ်ထဲ ရောက်လာပြီ” လို့ ပြောပါတယ်။
ကုန်တင်ယာဉ်မောင်းတွေဟာ ဧရာဝတီတိုင်း အဝင်ဂိတ်ကပြီး မြို့နယ်အသီးသီးက ဂိတ်အားလုံးကို ငွေပေးရတာကြောင့် လုပ်အားခတောင် မကျန်တော့ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ပိုက်ဆံတောင်းတဲ့နေရာမှာတော့ စစ်တပ်၊ ရဲ၊ စစစ၊ ထွေအုပ်၊ ယာဉ်ထိန်းရဲအပြင် ပြည်သူ့စစ်တွေလည်းရှိပြီး ငွေမပေးရင် ဆဲဆိုရန်လုပ်တယ်လို့ ယာဉ်မောင်းတယောက်က ပြောပါတယ်။
“ဂိတ်တိုင်းလိုလို တောင်းတာ၊ မပေး မနေရပဲ။ ပန်းတိုင်ဂိတ်မှာဆို ရဲရှိတယ်၊ မော်တော်ပီကယ် ရှိမယ်၊ စစ်သား ရှိတယ်၊ အုပ်ချုပ်ရေးအဖွဲ့ရှိတယ်၊ အကုန်ပေးရတာ။ ဧရာဝတီတိုင်းက ဂိတ်တွေက ငွေတောင်းအကြမ်းဆုံး လူတောင်း မတောင်းဘူး။ ရေနံမြေလမ်းဆုံမှာဆို ရဲဂိတ် ရှိတယ်၊ ထန်းတပင်ဂိတ်လည်း ရဲရှိတယ်။ မအူပင်ဆို ရဲနဲ့ စစ်တပ် ရှိတယ်။ ဧရာဝတီတံတား အတက် အဆင်းမှာ စစ်တပ် ရှိတယ်။ တခါတလေ ငွေတောင်းတာ ပြန်ကြည့်မိရင် ‘လုပ်ပိုင်ခွင့် ရှိလို့ တောင်းတာကွ၊ ဘာဖြစ်ချင်လဲ’လို့ မေးတာ” လို့ ပြောပါတယ်။
ကုန်တင်ယာဉ်မောင်တွေဟာ ဧရာဝတီတိုင်းထဲက ဂိတ်တခု၊ အဖွဲ့အစည်းတခုကို ၂၀၀၀ ကျပ်နှုန်း၊ တရက်ကို အသွား ၂ သောင်းခွဲနဲ့ အပြန် ၃ သောင်းခွဲ လုပ်အားခထဲက ကုန်ကျနေတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
စစ်တပ်နဲ့ ရဲအပြင် ဌာနဆိုင်က ငွေညှစ်နေလို့ ယာဉ်မောင်းတွေ အလုပ်ရပ်နားထားသလို ယာဉ်တန်ပိုချိန်ခတွေနဲ့ ကုန်ပစ္စည်း အမှားအယွင်းဖြစ်ရင်လည်း ငွေကြေးကုန်ကျ များတာကြောင့် ယာဉ်ပိုင်ရှင်တွေကလည်း ရပ်နားလာကြတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းက ကုန်တင်ယာဉ်မောင်းတွေနဲ့ ယာဉ်ပိုင်ရှင်တွေဟာ အရင်အစိုးရ လက်ထက်က မိသားစုသဖွယ် လုပ်ကိုင်စားသောက်ကြပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ဆေးရေးဂိတ်တွေမှာ နေရာဝင်ယူ ငွေအဆမတန် တောင်းတာကြောင့် အလုပ်လက်မဲ့ ဖြစ်ကုန်တယ်လို့ သိရပါတယ်။