အိန္ဒိယနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းကနေ အာရေဗျပင်လယ်ဆီ ခုတ်မောင်းလာပြီး အစ္စရေးနဲ့ ဆက်စပ်နေတဲ့ ကုန်သွယ်သင်္ဘောတစီးဟာ မောင်းသူမဲ့ လေယာဉ်က တိုက်ခိုက်တာခံရလို့ မီးလောင်ခဲ့ပြီး သင်္ဘောသားတွေတော့ အထိအခိုက် မရှိခဲ့ဘူးလို့ ဗြိတိန် ရေကြောင်းလုံခြုံရေး ကုမ္ပဏီ အမ်ဘရေ က ဒီဇင်ဘာ ၂၃ ရက်မှာ ပြောပါတယ်။
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ်က ဗေရာဗယ်လ်မြို့ရဲ့ အနောက်တောင်ဘက် မိုင် ၁၂၀ အကွာမှာ ဒီဇင်ဘာ ၂၃ ရက် မနက်ပိုင်းက အကူအညီတောင်းလို့ မီးလောင်မှုကို လိုက်ဘေးရီးယား အလံတင် ဓာတုဗေဒထုတ်ကုန် ရေနံတင်သင်္ဘောကနေ ကူညီမီးငြှိမ်းသတ်ပေးနိုင်ခဲ့တယ်လို့ အိန္ဒိယရေတပ်က တာဝန်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
အစ္စရေးက ဝိုင်းထားတဲ့ ဂါဇာကမ်းမြောင်က ပါလက်စတိုင်းတွေကို ထောက်ခံတဲ့ အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီ လှုပ်ရှားမှုအုပ်စုက ပင်လယ်နီထဲမှာ ကုန်သင်္ဘောတွေကို ဒရုမ်းတွေ ဒုံးကျည်တွေနဲ့ တိုက်ခိုက်နေတာကြောင့် ကုန်သင်္ဘောတွေ လမ်းကြောင်းပြောင်းဖို့နဲ့ အာဖရိကတောင်ဘက်စွန်းတဝိုက်က ပိုရှည်တဲ့ လမ်းကြောင်းကနေ သွားဖို့ တိုက်တွန်းနေပါတယ်။
အခု တိုက်ခိုက်ခံရတဲ့ ကုန်သည်သင်္ဘောရဲ့ နာမည်ကို တရားဝင်အတည်မပြုနိုင်သေးပေမယ့် ANI သတင်းဌာနကတော့ MV ချမ်ပလူတို သင်္ဘောလို့ ဖော်ပြထားပါတယ်။ ရေဖစ်နစ်တစ်ဖှ် အိုက်ကွန် ရေနံတင်သင်္ဘော ခြေရာခံ အင်တာနက် စာမျက်နှာက ဖော်ပြတဲ့ အချက်အလက်တွေက ANI ရဲ့ သင်္ဘောနဲ့ပတ်သက်တဲ့ ဖော်ပြချက်တွေနဲ့ ကိုက်ညီနေပါတယ်။
Source/Photo - Reuters