ရှမ်းမြောက်ဒေသမှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ရက်ပေါင်း ၅၀ ကျော်အတွင်း စစ်ကောင်စီ တပ်စခန်း ၃၀၀ နီးပါးနဲ့ မြို့ ၁၀ မြို့ကျော်ကို သိမ်းပိုက်နိုင်ခဲ့ပြီးချိန်မှာတော့ ရှေ့တန်းရောက် အရာရှိစစ်သည်တွေကို နောက်တန်းမှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေ စိတ်ပူလာကြပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၊ ကိုးကန့်တပ် (MNDAA)၊ နဲ့ ရက္ခိုင့်တပ်တော် (AA) မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဟာ အောက်တိုဘာ ၂၇ ရက်ကစလို့ ဒီဇင်ဘာ ၂၀ ရက်အတွင်း နမ့်ခမ်း၊ သိန္နီ၊ ချင်းရွှေဟော်၊ မုံးကိုး၊ ကွမ်လုံ၊ ပန်ဆိုင်း(ကြကုတ်)၊ ကုန်းကြမ်း ဖောင်းဆိုင်၊ နမ့်စလပ် အစရှိတဲ့ မြို့နယ်တွေက စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။
တပ်မ ၉၉ နဲ့ နီးစပ်သူတဦးက “၁၀၂၇ စစ်ဆင်ရေး ၁၀ မြောက်နေ့မှာ တပ်မ ၉၉ က တပ်မမှူး ကျသွားတယ်။ လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့တွေလည်း ကျတာမနည်းဘဲ။ တချို့ဆို သေလား ရှင်လား အဖမ်းခံရလား မသိဘူး၊ အကုန်ကြောက်ကုန်တယ်။ တချို့ကလည်း တပ်ရင်းတွေထဲမှာ ပရိတ်တွေ အန္တရာယ်ကင်းတွေ ရွတ်ကြတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့ မုံးကိုးဗျူဟာကုန်းမှာ နိုဝင်ဘာလ ၅ ရက် မနက်ပိုင်းက Drop ဗုံးထိမှန်လို့ အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ်မှ တပ်မမှူး ဗိုလ်မှူးချုပ်အောင်ကျော်လွင် သေဆုံးပြီးနောက် တပ်မဌာနချုပ်အတွင်း အလောင်းမပါဘဲ သင်္ဂြိုဟ်ခဲ့ရတယ်လို့ သူက ပြောပါတယ်။
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူတဦးက “ရှမ်းမြောက်တိုက်ပွဲမှာ ဗိုလ်မှူးချုပ်မှ မဟုတ်ဘူး၊ ဗိုလ်မှူးကြီးတွေ ဒုဗိုလ်မှူးကြီးတွေလည်း အလောင်းပြန်မရဘူး။ အလောင်းမပါဘဲ သင်္ဂြိုဟ်ရတာ များတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် အရာရှိစစ်သည် သေဆုံးသူဦးရေကို စစ်တပ်က မထုတ်ပြန်ပေမဲ့ ထောင်ချီရှိမယ်လို့ ခန့်မှန်းကြပါတယ်။
တိုက်ပွဲမှာ အရာရှိစစ်သည်တွေ သေဆုံးမှုများလာပေမဲ့လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဇနီးဖြစ်သူမှာ ရှေတန်းရောက်စစ်သည်တွေအတွက် လုံခြုံရေးအစီအမံတွေ သေချာအောင် စီမံမပေးဘဲ တပ်ရင်း၊ တပ်ဖွဲ့တွေမှာ အန္တရာယ်ကင်းယတြာတွေ ပြုလုပ်ဖို့သာ လမ်းညွှန်လေ့ရှိတယ်လို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ပဲခူးမှာ ခဏခဏ အပစ်ခံရတော့ ဗိုလ်ချုပ်ထိန်ဝင်းရဲ့ မိန်းမက ဒေါ်ကြူကြူလှကို မျက်နှာလိုမျက်နှာရနဲ့ အကူအညီတောင်းတာ၊ ဟိုက ပရိတ်ရွတ်ဖို့ ယတြာချေဖို့ ပြောလိုက်လို့ လုပ်ရတယ်။ ဒီလိုပဲ တခြားဗိုလ်ချုပ်တွေ အကူအညီတောင်းလည်း မင်းအောင်လှိုင်က အဲ့လိုပဲ ညွှန်းတာ။”
တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခြေလျင်၊ ခြေမြန် တပ်ရင်းတပ်ဖွဲ့မှ အရာရှိစစ်သည်တွေကို ရှေတန်းသို့စေလွှတ်ပြီး တိုက်ပွဲမှာ သေဆုံးခဲ့ပါက နောက်တန်းကျန် မိသားစုဝင်တွေကို စစ်တပ်က အသိမပေးဘဲ ဖုံးကွယ်ထားတယ်လို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိတဦးက ပြောပါတယ်။
“ရှမ်းမြောက်ကို ပစ်ကူ စစ်ကူဆိုပြီးသွားတဲ့ မန္တလေးထဲကတပ်တွေ သေလားရှင်လား မသိရဘူး။ ဗိုလ်မှူးတယောက်သေတာ သူ့မိန်းမက သူများဓာတ်ပုံလာပြမှ သိရတယ်။ အဲဒီကျမှ ရက်လည်လုပ်ရတယ်။ တပ်က ဘာမှကိုမပြောတာ။”
ရှမ်းမြောက်တိုက်ပွဲမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့ အလယ်ပိုင်းတိုင်းစစ်ဌာချုပ် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့က အရာရှိစစ်သည်တွေ သေဆုံးရတာဟာ မြေပြင် သတင်းအချက်အလက် မှန်ကန်စွာ မရရှိလို့ဖြစ်တယ်လို့ စစ်တပ် အရာရှိတဦးရဲ့ ဇနီးက ပြောပါတယ်။
“ရှေ့တန်းမှာ သေကြတယ်ဆိုတာ သတင်းက အမှန်မသိရဘူး။ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းမှာ မသေဘူးဆို အဲဒါသေပြီ။ အဖမ်းမခံရဘူးဆို တပ်ရင်းအလိုက် ပါသွားပြီ။ ပြောချင်တာ တပ်ရဲ့ ခေါင်းဆောင်တွေကိုယ်တိုင် သတင်းအမှန်ကို မသိတာ” လို့ ပြောပါတယ်။
ရှေ့တန်းမထွက်ချင်လို့ တပ်ရင်းတပ်ဖွဲ့က အရာရှိစစ်သည်တွေ ထွက်ပြေးခဲ့ပါက စစ်တပ်က ပြန်လည်ဖမ်းဆီးပြီး ထောင်မချဘဲ စစ်မှုပြန်လည်ထမ်းဆောင်ခိုင်းတယ်လို့ တပ်မ ၆၆ နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“စစ်မတိုက်ချင်လို့ ထွက်ပြေးတာတောင် မရဘူး၊ လိုက်ဖမ်းတယ်။ ထောင်မချဘူး။ ရှေတန်းပို့ပစ်တယ်။ ရှမ်းမြောက်နဲ့ ကယားကို ပို့တယ်၊ အဲဒီလိုပို့မှ သေတာများတယ်။”
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် အရာရှိစစ်တွေ ကျဆုံးများလာတဲ့အခါ စစ်ဌာနချုပ်တွေမှာ စစ်သည်အင်အား နည်းပါးလာတာကြောင့် ဒီဇင်ဘာ ၃ ရက်နေ့မှာ ခွင့်မဲ့နဲ့ စစ်ပြေးတွေနဲ့ စစ်မှုထမ်းဟောင်းတွေကို စစ်မှုထမ်းစာ ထုတ်ခဲ့ရပါတယ်။
စစ်ပြေးတွေနဲ့ စစ်မှုထမ်းဟောင်းတွေကို စစ်မှုပြန်လည်ထမ်းဆောင်နိုင်တယ်လို့ ကြေညာပြီး ဒီဇင်ဘာလ ၇ ရက်နေ့ အမျိုးသားနေ့မှာ အကျဥ်းထောင်အသီးသီးမှ စစ်သားထောင်ချီ လွှတ်ပေးခဲ့တယ်လို့ ထောင်ကျစစ်သည်တဦးရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။
“ကျမယောကျ်ားက စစ်ပြေးမှုနဲ့ ထောင်ကျနေတာ ၂၀၂၀ ကတည်းက။ ငါးနှစ်ကျတာ မလွတ်သေးဘူး။ ပြီးခဲ့တဲ့လက ထောင်မှာ တပ်ထဲပြန်ဝင်ဖို့ စာရင်းလာကောက်တော့ သူက ငြင်းလိုက်တယ်လို့ ပြောတယ်။ ကျမလည်း အဲဒါကောင်းတယ်။ အခုချိန်ပြန်ဝင်ရင် ရှေ့တန်းမှာ နင် သေမှာလို့ ပြောလိုက်တယ်။”
လတ်တလော အခြေအနေတွေကြောင့် တိုင်းစစ်ဌာနချုပ်တွေကို တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ PDF တွေ လာရောက်တိုက်ခိုက်မှာ တိုင်းမှူးတွေ ဗျူဟာမှူးတွေ တပ်မမှူးတွေနဲ့ တပ်ရင်းမှူး အပါအဝင် သူတို့တွေရဲ့ ဇနီးသားမယားတွေပါ စိုးရိမ်ထိတ်လန့်နေတယ်လို့ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ရှမ်းမြောက်က ခမရ ခလရ တွေဆို ရှေ့တန်းသွားတဲ့ အရာရှိတွေဆို ရှေ့တန်းထွက်ခိုင်း၊ နောက်တန်းမှာ ကျန်ခဲ့တဲ့ မိန်းမတွေက သေနတ်ကိုင်ပြီး ကင်းစောင့်၊ လိုအပ်ရင် သူတို့ပါ ရှေ့တန်းလိုက်၊ မလိုက်ရရင်တောင် စခန်းကို ဘယ်တော့လာတိုက်မလဲ ဆိုပြီး စိတ်ပူနေရတယ်” လို့ ပြောပါတယ်။
စစ်တပ်ရဲ့ အရည်အသွေးမှာ ၁၀၂၇ စစ်ဆင်ရေး မတိုင်မီကတည်းက ကျဆင်းနေပြီး လက်ရှိအခြေအနေမှာ ထိုးစစ်မရှိဘဲ ခံစစ်ကို အင်အားများပြားစွာ အသုံးပြုပြီး လုပ်ဆောင်နေရတယ်လို့ အငြိမ်းစားဗိုလ်မှူးဟောင်းတဦးက ဒီဗွီဘီကို ပြောပါတယ်။
“တပ်က သမိုင်းသေသွားပြီ။ အရည်အသွေးရော အရည်အချင်းရော မရှိတော့ဘူး။ တရုတ်ကို ငိုယိုပြီး အကူအညီတောင်းရတဲ့အဆင့် ဖြစ်သွားပြီ။ တလအတွင်း ကျခဲ့တဲ့စခန်းတွေက တပ်က ဂုဏ်သိက္ခာမရှိဘူးဆိုတာ ပေါ်လွင်သွားတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေမှာ သေဆုံးတာတွေရှိသလို ထိခိုက်ဒဏ်ရာရရှိပြီး အရာရှိစစ်သည်အချို့ ပျောက်ဆုံးနေလို့ မိသားစုဝင်တွေက စိတ်ပူနေကြပေမဲ့ တပ်ရဲ့ခေါင်းဆောင်ပိုင်းက လျစ်လျူရှုထားတယ်လို့ အမှတ် ၁၆ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်နဲ့ နီးစပ်သူ မိသားစုဝင်တဦးက ပြောပါတယ်။
“စကခ ၁၆ က လက်အောက်ခံတပ်က ရှေ့တန်းသွားတဲ့ ဗိုလ်မှူးတွေ ဗိုလ်ကြီးတွေ တပ်သားတွေ ပျောက်နေတာတွေ ရှိတယ်။ တိုင်းမှူးတွေ တင်ပြထားပေမဲ့ အကြောင်းမပြန်ဘူး။”
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်က ရှေ့တန်းက ပြန်ဝင်လာတဲ့ တပ်မ ၁၁ လက်အောက်ခံ အင်းတိုင်နယ်မြေတပ်ရင်းတခု ဖြစ်တဲ့ အမှတ် ၂၁၃ ခြေမြန်တပ်ရင်း အရာရှိ/စစ်သည်တွေ သေဆုံးသူ များပြားပြီး အနည်းငယ်လောက်သာ ပြန်ရောက်လာတယ်လို့ အင်းတိုင်တပ်နယ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“တပ်မ ၁၁ က ခမရ ၂၁၁၊ ခမရ ၂၁၂၊ ခမရ ၂၁၃ ရှေ့တန်းသွားတာ ၂၁၃ ပဲ နောက်တန်း ပြန်ဝင်လာတယ်။ အတော်လေး သေတယ်။ ပြန်မပါလာတဲ့ စစ်သားတွေအတွက် မနေ့ကမှ အသုဘဆွမ်းသွတ်လုပ်ရတာ။”
ဒီလို နေ့စဥ်ရက်ဆက် ရှေ့တန်းမှာ ရာထူးကြီးငယ်မရွေး သေနေတာကြောင့် တပ်ရင်းတပ်ဖွဲ့က ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီးနဲ့ ဒုဗိုလ်မှူးကြီးတွေရဲ့ ဇနီးမယားတွေဟာ စစ်ခေါင်းဆောင် ပြောတဲ့အတိုင်း တပ်တွင်းမှာ အန္တရာယ်ကင်းပရိတ်တရားနာပြီး ဘယာကြော် ယတြာချေကာ ယောကျ်ားဖြစ်သူ ဘေးကင်းစွာနဲ့ ပြန်လာစေဖို့ ဆုတောင်းနေရကြပါတော့တယ်။
မြင့်မြတ်သူ