Home
မြန်မာသတင်း
မန်တုံမြို့ကို TNLA သိမ်းပိုက်
DVB
·
December 24, 2023
TNLA Manton 1_24122023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ပြီလို့ တအာင်းတပ်မတော်(TNLA) က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၁၉ ရက်နေ့ကစလို့ မန်တုံမြို့နယ်က စစ်ကောင်စီ တပ်စခန်းတွေကို စတင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၂၂ ရက်နေ့ ညနေ ၆ နာရီခွဲလောက်မှာ စစ်ကောင်စီရဲ့ ဗျူဟာမှူးကွပ်ကဲနေတဲ့ ခလရ ၁၃၀ ဗျူဟာကုန်းစခန်း အပါအဝင် ခိုမုန်းတပ်စခန်း၊ လွယ်ဆိုင်တောင်တပ်စခန်း၊ ပြည်သူ့စစ်တပ်စခန်း၊ ရဲစခန်းနဲ့ စစ်ကောင်စီ ဌာနဆိုင်ရာရုံးတွေကိုပါ သိမ်းပိုက်ရရှိခဲ့တယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်း ထုတ်ထားပါတယ်။ 

နမ္မတူ ဒေသခံတယောက်က “မန်တုံက နမ္မတူထက် အရင်ဖြစ်တာ။ တနေ့ညတောင် သိမ်းလိုက်နိုင်ပြီ” လို့ ပြောပါတယ်။ 

မန်တုံဘက်က ဒေသခံပြည်သူတွေလည်း တိုက်ပွဲလွတ်ရာ မြို့ဘက်နဲ့ တောတောင် တွေဘက် အစောကတည်းက ကြိုတင်ရှောင်ထားကြပြီး မရှောင်လိုက်နိုင်တဲ့ ဒေသခံတွေကတော့ ကတုတ်ကျင်းမှာပဲ နေကြရတယ်လို့ သူက ပြောပါတယ်။ 

မန်တုံဘက်တော့ တနေ့ည TNLA တွေ သိမ်းလိုက်တယ်လို့ ကြားရပြီး စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲ‌နေတယ်လို့ မန်တုံအနီးအနားရွာက ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။ 

နှစ်ဖက်တိုက်ပွဲအတွင်း ဒေသခံပြည်သူတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘာသာရေး အဆောက်အဦ၊ လူနေအိမ် ၁၅ လုံး လက်နက်ကြီးနဲ့ လေယာဉ်ဗုံးစ ထိမှန်ပျက်စီးပြီး နေအိမ် ၁ လုံးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက ဖော်ပြထားပါတယ်။ 

မန်တုံမြို့ စခန်းသိမ်းတိုက်ပွဲ ၄ ရက်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၂၅၆ ကြိမ်မှာ ၁၀၃၈ ကြိမ် ဗုံးကြဲခဲ့ပြီး လက်နက်ကြီးနဲ့ ၁၃၇ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်  အခု ၁၀၂၇ စစ်ဆင်ရေးအတွင်း လေကြောင်းကို စံချိန်တင်အသုံးပြုလာတာလို့လည်း ဆိုပါတယ်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ဟောင်ဝစ်ဇာအမြောက် ၂ လက် အပါအဝင် စစ် အသုံးအဆောင်  လက်နက်ခဲယမ်း ပစ္စည်းမျိုးစုံ သိမ်းဆည်းရမိခဲ့တယ်လို့လည်း TNLA က ထုတ်ပြန်ထားပြီး ဒီဇင်ဘာ ၂၃ ရက်နေ့အထိ TNLA ဘက်က မိုင်းလုံမြို့၊ နမ့်ဆန်မြို့နဲ့ နမ့်ခမ်းမြို့‌တို့ကို သိမ်းပိုက်ခဲ့ပြီးနောက် စတုတ္ထမြောက်မြို့အဖြစ် မန်တုံမြို့ကို ထိန်းချုပ်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်မှာတော့ ရန်သူအင်အားများလွန်းတဲ့အတွက် မန်တုံ ၁၃၀ ဌာနချုပ် နောက်ဆုတ်ပေးလိုက်ရကြောင်း၊ ရဲမေ ၁ ယောက်ကလွဲလို့ ကျန်တဲ့သူတွေ လုံခြုံတဲ့နေရာမှာ ပူးပေါင်းရောက်ရှိထားကြောင်း ရေးသားထားပါတယ်။ 

Photo : TNLA ပြန်ကြားရေးဌာန

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024