မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တပွဲဖြစ်တဲ့ ဖူဟမ်နဲ့ ဘန်လေပွဲစဉ်မှာ ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးကွင်းလယ်ဒိုင်တဦးက တာဝန်ယူကိုင်တွယ်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်သမိုင်းတလျှောက် ပထမဆုံးအကြိမ် အမျိုးသမီးကွင်းလယ်ဒိုင်ကို အသုံးပြုခဲ့ပြီး သမိုင်းမှတ်တမ်းဝင်ခဲ့ပါတယ်။
အဲဒီပွဲစဉ်ကို အသက် ၄၀ ရှိ အင်္ဂလန်အမျိုးသမီးကွင်းလယ်ဒိုင် ရေဗက္ကာဝဲချ်က တာဝန်ယူခဲ့ပြီး ကစားသမားတွေနဲ့ စကားအချေအတင်တချို့ရှိခဲ့ပေမဲ့ အမှားအယွင်းမရှိ ကိုင်တွယ်နိုင်ခဲ့ပါတယ်။
သူဟာ ဖူဟမ်ကစားသမားနှစ်ဦးနဲ့ ဘန်လေကစားသမားတစ်ဦးကို အဝါကတ် ပြသခဲ့ပါတယ်။ ရေဗက္ကာဝဲချ်ဟာ ပရီးမီးယားလိဂ်မှာ စတုတ္ထဒိုင်အဖြစ် ပထမဆုံးအကြိမ် တာဝန်ယူခဲ့တဲ့ အမျိုးသမီးဖြစ်သလို FA ဖလားနဲ့ EFL ဖလားတွေမှာလည်း အမျိုးသမီးကွင်းလယ်ဒိုင်အဖြစ် ပထမဆုံးအကြိမ် တာဝန်ယူခဲ့သူပါ။
ပရီးမီးယားလိဂ်မှာ အမျိုးသမီးကွင်းလယ်ဒိုင်ကို ပထမဆုံးအကြိမ်ကိုင်တွယ်စေခဲ့တဲ့အပေါ် စိတ်လှုပ်ရှားခဲ့ရပြီး ဒိုင်လူကြီးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ရဲ့ အစိတ်အပိုင်း တရပ်ဖြစ်သလို ထူးချွန်တဲ့ ဒိုင်လူကြီးတွေ ပေါ်ပေါက်လာနိုင်မယ့် နည်းလမ်းဖြစ်ကြောင်း ပရော်ဖက်ရှင်နယ် ဘောလုံးဒိုင်လူကြီးအဖွဲ့ အကြီးအကဲ ဟောင်းဝပ်ဒ်ဝက်ဘ်က ပြောပါတယ်။
Photo-Reuters