Home
နိုင်ငံတကာ
နိုင်ဂျီးရီးယားတွင် ပင်လယ်ရေမျက်နှာပြင် မြင့်တက်သဖြင့် ကမ်းရိုးတန်းနေ ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေး
DVB
·
December 24, 2023
Nigeria SeaLevel_24122023

နိုင်ဂျီးရီးယားနိုင်ငံမှာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် ကမ်းရိုးတန်းနေ ဒေသခံတွေ စိုးရိမ်ကြောက်လန့်ခဲ့ကြပြီး နိုင်ငံအနောက်တောင်စွန်းပိုင်းက အိုင်းတိုရိုမြို့မှ လူဦးရေ ၈၀ ရာခိုင်နှုန်းလောက်ဟာ သူတို့နေအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ကြပါတယ်။

ရေတွေ တက်လာပြီလို့ သတိထားမိလိုက်တာနဲ့ လှိုင်းတွေလည်း တက်လာပြီး အနားကိုလည်း ဘယ်သူမှလာလို့ မရတော့ကြောင်းနဲ့ ဒီမြို့မှာနေတဲ့လူ  ၄ ပုံ ၃ ပုံကျော် ပင်လယ်ထဲ ရောက်သွားပြီ လို့  ဒေသခံ တယောက်ဖြစ်တဲ့ မိုဖှီယိုလူဝါ အာရိုဝိုးလိုက ပြောပါတယ်။

ဒေသခံ အဲလိဇဘသ်အိုလူဝိုလယ်က “ညသန်းခေါင် ၃ နာရီလောက်မှာ ရေတက်လာတော့ ဘာပစ္စည်းမှကို မယူနိုင်ဘဲ အမြန်ထွက်ပြေးခဲ့ရပြီး ၂ ရက်အတွင်းမှာပဲ အရာအားလုံးဟာ ပင်လယ်ထဲကို ရောက်သွားပြီ” လို့ ပြောပါတယ်။

လူဦးရေ ၃၀၀၀၀ လောက်ရှိတဲ့ ဒီမြို့မှာ ငါးဖမ်းလုပ်ငန်း၊ အထည်အလိပ်နဲ့ သင်္ဘောတည်ဆောက်ခြင်း လုပ်ငန်းတွေနဲ့ ကြီးထွားလာခဲ့တာပါ။

အစပိုင်းတုန်းက ပင်လယ်နဲ့ ကီလိုမီတာများစွာ ကွာဝေးတဲ့မြို့ဟာ နှစ်ပေါင်း ၂၀ အတွင်းမှာ ပင်လယ်ရေတွေက တဖြည်းဖြည်း နီးကပ် ဝင်ရောက်လာခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ် ဧပြီလတုန်းကလည်း ရာနဲ့ချီတဲ့ အိမ်ခြေတွေ ပင်လယ်‌ရေထဲ နစ်မြုပ်ခဲ့ရပါတယ်။ 

သိပ်မကြာသေးခင် နှစ်ပိုင်းအတွင်း ပင်လယ်ရေ ဝင်ရောက်လာမှုတွေ ပိုအဖြစ်များလာပြီး ပိုင်ဆိုင်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဆုံးရှုံးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။ 

ဒီဖြစ်ရပ်တွေကြောင့် လူအများအပြားမှာ အိုးအိမ်နဲ့ အလုပ်အကိုင်တွေ ဆုံးရှုံးခဲ့ရပြီး အိုင်းတိုရိုမြို့မှ ထွက်ခွာကာ တခြားဒေသတွေမှာ အခွင့်အလမ်းတွေ ရှာဖွေခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တချိန်တုန်းက သာယာဝပြောခဲ့တဲ့မြို့ဟာ လက်ရှိအချိန်မှာ နေထိုင်သူ ၅၀၀၀ လောက်သာ ကျန်နေခဲ့ပြီး ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတဲ့အတွက် စိုးရိမ်ပူပန်နေရတာ ဖြစ်ပါတယ်။ 

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024