စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရွာရဲစခန်းကနေ ဒီနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့ မနက် ၅ နာရီခွဲအချိန်က စစ်ကြောင်းစထိုးလာတာကြောင့် ဒေသခံတွေ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။
နနွင်းကိုင်းရွာ၊ ဆူးလေကုန်းရွာ၊ ရွှေတချောင်းကျေးရွာနဲ့ ဧရာဝတီ မြစ်ကမ်းဘေး ကျေးရွာတွေက ပြည်သူထောင်ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ညောင်ကားယားရွာဒေသခံတယောက်က “ကနဦးက ကျောက်ရစ်ရဲစခန်းကနေ အင်အား ၅၀ ကျော်လောက်နဲ့ စစ်ကြောင်း စထိုးလာတယ်ဗျ။ မနက်ခင်း ၇ နာရီ ၁၅ မိနစ်လောက်ရောက်တော့ နနွင်းကိုင်းရွာထဲ ဝင်သွားတယ်ဗျ။ ဘာတွေဆက်ဖြစ်မလဲတော့ မသိရသေးဘူး။ နောက်ပြီး ရေစကြိုမြို့နယ်ဘက်က စစ်သင်္ဘော ၂ စီးနဲ့လည်း ကျနော်တို့ မြောင်ဘက်ခြမ်းက မြစ်ကမ်းဘေးကျေးရွာတွေက ညောင်ကားယားရွာနဲ့ တခြား ကျေးရွာတွေဆီ ပစ်ခတ်ဝင်ရောက်နေတယ်။ ပြည်သူတွေကတော့ ဟိုပြေးဒီပြေးနဲ့ အတော်ကို ဒုက္ခရောက်နေကြရတယ်” ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ အခုလို စစ်ကြောင်းထိုးတာတွေကြောင့် ဒေသခံတွေ ကျွန်းမြေပေါ်မှာ စိုက်ပျိုးနေကျဖြစ်တဲ့ ပြောင်းဖူး၊ မြေပဲ၊ ကုလားပဲ၊ ကြက်သွန်စတဲ့ ဆောင်းရာသီ သီးနှံတွေ စိုက်ပျိုးလို့မရကြဘူးလို့လည်း သိရပါတယ်။