Home
မြန်မာသတင်း
မောင်တောတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသမီး ၁ ဦး ဒဏ်ရာရ
DVB
·
December 23, 2023
Maung Taw Border Police_23122023

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ဒီဇင်ဘာ ၂၃ ရက် ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မောင်တောမြို့နယ်၊ မြို့သူကြီးအခြေစိုက် စစ်ကောင်စီရဲ့ နခခ ၅ နယ်ခြားစောင့်တပ်က ဒီဇင်ဘာ ၂၃ ရက် မနက် ၃ နာရီလောက်မှာ ရွှေရင်အေးရွာဘက်ကို လက်နက်ကြီး ၉ လုံး ပစ်ခတ်ခဲ့လို့ ရွာထဲမှာ ၈ လုံးပေါက်ကွဲခဲ့ပြီး ၁ လုံးကတော့ မပေါက်ကွဲခဲ့ဘူးလို့ မောင်တောမြို့ ဒေသခံ တယောက်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ ရွှေရင်အေးရွာက အသက် ၅၀ အရွယ် ဒေါ်တင်တင်လှရဲ့ ဒူးခေါင်းအထက်မှာ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့ပြီး မောင်တော ပြည်သူ့ဆေးရုံမှာ အရေးပေါ် ဆေးဝါးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ ရွာထဲက နေအိမ်တချို့ ထိခိုက် ပျက်စီးခဲ့သလို ဒေါ်သိန်းနု မွေးမြူထားတဲ့ ဆိတ် ၄ ကောင်လည်း သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တာကြောင့် ရွာသူရွာသားတွေအားလုံး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းက တကျော့ပြန်တိုက်ပွဲတွေ ပြန်လည် စတင်ပြီးနောက်ပိုင်း ရသေ့တောင်၊ စစ်တွေ၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီတပ်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ နေ့ရောညပါ ပစ်ခတ်ခဲ့လို့ ဒေသခံပြည်သူ ၄၀ နီးပါး သေဆုံးကာ ၁၀၀ ကျော်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024