ဒေသခံကာကွယ်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်း၊ ခါမ်းပါတ်မြို့မှာ တိုက်ပွဲတွေကြောင့် မြို့တွင်းကနေ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ခါမ်းပါတ်မြို့ခံ တသောင်းခွဲကျော်ဟာ ဒီဇင်ဘာ ၂၂ ရက်က စတင်ပြီး မြို့တွင်းမှာ ပြန်လည်နေထိုင်ကြပြီလို့ မြို့ခံတွေဆီက သိရပါတယ်။
ခါမ်းပါတ်မြို့တွင်းတိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်းကနေ ၅ ရက်ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ခါမ်းပါတ်မြို့က နေအိမ်အလုံး ၅၀ ကျော် ထိခိုက်ပျက်စီးသွားခဲ့တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
ခါမ်းပါတ်မြို့ခံတယောက်က “မနေ့ကစပြီး မြို့ထဲဝင်ကြပြီ။ တချို့တွေလည်း မနေရဲတဲ့ သူတွေတော့ ရှိသေးတယ်။ အများစုကတော့ မြိုထဲ ပြန်နေကြပြီ။ စစ်တပ်အနီး အမှတ်-၁ ရပ်ကွက်ကတော့ နေအိမ် ၅၀ ကျော်လောက် ပျက်စီးသွားတယ်။ တချို့အိမ်တွေက မီးလောင်တယ်။ တချို့အိမ်တွေက ပျက်စီးတယ်။ PDF တွေက တိုက်ပွဲတွေပြီးလို့ နယ်မြေရှင်းပြီးမှ မြို့ထဲကို ဝင်ခွင့်ပြုခဲ့တာ” လို့ ပြောပါတယ်။
နိုဝင်ဘာ ၇ ရက်က ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဘက်က ခါမ်းပါတ်မြို့ ရဲစခန်းနဲ့ စစ်တပ်ကုန်း အပါအဝင် ခါမ်းပါတ်မြို့ကို သိမ်းပိုက်နိုင်ခဲ့တာပါ။
အဲဒီနောက် ဒီဇင်ဘာ ၅ ရက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကလေးမြို့ဘက်ကနေ ခါမ်းပါတ်ဘက်ကို စစ်ကြောင်းထိုးလာပြီး ခါမ်းပါတ်မြို့ကို ပြန်လည်ရရှိဖို့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာကနေ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာ ၁၆ ရက်မှာ စစ်ကောင်စီဘက်က အထိနာပြီး ဆုတ်ခွာသွားခဲ့တာပါ။
အဲဒီတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဘက်က စစ်သား ၃၀ ကျော် ကျဆုံးထားပြီး လက်နက်ခဲယမ်း အများအပြား ရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၆ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။