မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်က စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားတဲ့ မြောက်ခင်ရမ်း ပျူစောထီးကျေးရွာက ပြည်သူ ၂၀၀ ကျော် ထွက်ပြေးလာခဲ့ပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကူညီပေးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၁၀ ရက်နေ့က စတင်ပြီး မြောက်ခင်ရမ်းရွာအပြင်ဘက်ကို ပြည်သူ ၂၀၀ ကျော် ထွက်ပြေးလာတာ ဖြစ်ပါတယ်။
ဂန့်ဂေါမြို့နယ်အတွင်းက မင်းရွာနယ်မြေရဲစခန်းကို နိုဝင်ဘာ ၃ ရက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ပြီးနောက်ပိုင်း ကန်ရွာနဲ့ တောင်ခင်ရမ်းရွာတို့မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ စခန်းစွန့်ခွာ ထွက်ပြေးခဲ့ကြပါတယ်။
ဒါကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ခြေကုပ်ရယူထားတဲ့ မြောက်ခင်ရမ်းရွာက ပြည်သူတွေဟာ ပျူစောထီးတွေ လက်အောက်မှာမနေရဲတော့လို့ ကျေးရွာကို စွန့်ခွာ ထွက်ပြေးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက “မြောက်ခင်ရမ်းက ထွက်လာသူတွေကို မြို့နယ် ပအဖက စနစ်တကျ စီစဉ်ပေးထားပါတယ်။ သူတို့ အရေးပေါ်လိုအပ်မယ့် အခြေခံရိက္ခာကအစ အနွေးအင်္ကျီ၊ စောင်တွေ အဆုံးပေါ့နော်။ တကိုယ်ရည်သုံးပစ္စည်းတွေ အားလုံးကို အဆင်ပြေအောင် စီစဉ်ပေးထားပါတယ်။ လုံခြုံတဲ့ တနေရာမှာပေါ့နော်” လို့ ပြောပါတယ်။
ဂန့်ဂေါမြို့နယ် မြောက်ခင်ရမ်းကျေးရွာဟာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၄၆၀၀ ကျော်နေထိုင်တဲ့ ကျေးရွာကြီးတရွာ ဖြစ်ပါတယ်။