Home
မြန်မာသတင်း
ကျင်ဒွေးမြို့ တိုက်ပွဲကြောင့် ဒေသခံ ၃၅၀၀ ကျော် စစ်ရှောင်၊ ဘားအံခရိုင်သို့ စစ်ရှောင် ၁ သောင်းကျော်ရောက်နေ
DVB
·
December 23, 2023
Kyin Dway_23122023
Phar Ann IDP_23122023

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့မှာ တိုက်ပွဲဖြစ်လို့ အနီးဝန်းကျင် ကျေးရွာ ၂၀ လောက်က ဒေသခံပြည်သူ ၃၅၀၀ ကျော် အရေးပေါ် စစ်ဘေးရှောင်နေကြရပြီး  ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့‌နယ်က တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ၁ သောင်းကျော်ဟာ တပ်မဟာ ၇ ဘားအံခရိုင်ကိုရောက်နေတယ်လို့ သိရပါတယ်။

ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ဟာ ဒီဇင်ဘာ ၂၂ ရက် မနက် ၆ နာရီကစပြီး တိုက်ပွဲဖြစ်ပွားနေလို့ ကျင်ဒွေးမြို့နဲ့ ပတ်ဝန်းကျင်ရွာ ၂၀ လောက်က ဒေသခံတွေဟာ နီးစပ်ရာ တောတောင်တွေထဲမှာ အရေးပေါ် တိမ်းရှောင် နေထိုင် နေကြရပြီး အစားအသောက်၊ ဆေးဝါး၊ ယာယီတဲထိုးဖို့အတွက် မိုးကာ၊ စောင်နဲ့ အနွေးထည်တွေ လိုအပ်နေတယ်လို့လည်း စစ်ရှောင်အရေးအကူအညီ ပေးနေသူတွေက ပြောပါတယ်။

ကန်ပက်လက်မြို့နယ် လူသားချင်းစာနာထောက်ထားမှုအဖွဲ့ တာဝန်ရှိသူတယောက်က “ကျင်ဒွေး သွားရာလမ်းကြောင်းတလျှောက်က ရွာတွေ၊ ဘေးပတ်လည်ကရွာတွေ ရှောင်ရတာပေါ့။ လောလောဆယ် စစ်ရှောင်တွေအတွက်က ရေသန့်ဘူး၊ အချိုရည်ဘူး၊ ကိတ်ခြောက်၊ ခြေအိတ်၊ တဲဆောက်ဖို့ လိုအပ်တဲ့ပစ္စည်းတွေပေါ့။ မြေပြင်ကနေ လိုအပ်တယ် ပြောတဲ့ပစ္စည်းတွေ ပို့ဆောင်ဖို့ စီစဉ်ပေးနေတယ်” လို့  ပြောပါတယ်။

ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ တိုက်ပွဲနဲ့ပတ်သက်ပြီး ချင်းကာကွယ်ရေး တပ်ဖွဲ့တွေဘက်က တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

ကရင်ပြည်နယ်မှာတော့ ကော့ကရိတ်မြို့နယ်တွင်းတိုက်ပွဲကြောင့် တပ်မဟာ ၇ ဘားအံခရိုင်ကို ထွက်ပြေးလာတဲ့ စစ်ဘေးရှောင် ၁ သောင်းကျော်နေပြီလို့ KNU ဗဟိုက ဒီဇင်ဘာ ၂၂ ရက်‌မှာ ထုတ်ပြန်ပါတယ်။

ကော့ကရိတ်မြို့အတွင်းမှာ ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဘားအံခရိုင်က နဘူးမြို့နယ်မှာ စစ်ဘေးရှောင် ၄၅၀၀ နီးပါး၊ ပိုင်ကျုံမြို့နယ်မှာ စစ်ဘေးရှောင် ၂၇၀၀ နီးပါးနဲ့ ဒုံရင်းမြို့နယ်မှာ စစ်ဘေးရှောင် ၃၅၀၀ ကျော် ရောက်ရှိနေတာပါ။

စစ်ဘေးရှောင်ဦးရေဟာ ဒီဇင်ဘာလဝက်လောက်ထိပဲ ကောက်ထားတာဖြစ်ပြီး စာရင်းမချုပ်‌ရသေးတဲ့အတွက် အခုထက် ပိုများနိုင်တယ်လို့ ဘားအံခရိုင်သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတယောက်က ပြောပါတယ်။

ကရင်ဒုက္ခသည်များဆိုင်ရာကော်မတီ (C.I.D.K.P) ဗဟိုနဲ့ ဘားအံခရိုင် ခေါင်းဆောင်တွေဟာ စစ်ရှောင်တွေနဲ့ တွေ့ဆုံခဲ့အားပေးစကားပြောခဲ့ပြီး စစ်ရှောင်တွေ အတွက် စာနပ်ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါတယ်။

ဘားအံခရိုင်အတွင်းမှာ စစ်ရှောင်ဦးရေ များလာတာကြောင့် တနေ့တခြား အကူအညီများစွာ လိုအပ်နေတယ်လို့ ဘားအံခရိုင် သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူ တယောက်က ပြောပါတယ်။

“ကျနော်တို့ တင်ထားတဲ့အတိုင်းပဲ။ ဒီဘက်မှာ ကူညီပေးတဲ့သူတွေ ရှိပေမဲ့ အကူအညီက လိုနေပါတယ်။ အဓိကကတော့ အစားအသောက်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေပါ။ စစ်ရှောင်တွေကိုတော့ အခု ဒီကတာဝန်ရှိတဲ့ခေါင်းဆောင်တွေက နေရာချထား ပေးပါတယ်” လို့ ပြောပါတယ်။

KNU တပ်မဟာ-၆ နယ်မြေအတွင်းမှာရှိတဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ကြာအင်းဆိပ်ကြီး၊ မြဝတီနဲ့ သင်္ကန်းညီနောင်တို့မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပွားနေပြီး မွန်ပြည်နယ်၊ ကျိုက်မရောမြို့ ချောင်းနှစ်ခွမှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024