ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ စစ်ကောင်စီအုပ်ချုပ်ရေး ပေါင်းပြီးဖွဲ့စည်းထားတဲ့ ကျောက်ဆည်မြို့ လက်ပန်ကျေးရွာ ပြည်သူ့စစ်အဖွဲ့ မနေ့ည ၁၀ နာရီကျော်က ပစ်ခတ်ခံရပြီး ၃ ယောက် သေဆုံး၊ ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ကျောက်ဆည်မြို့နယ်၊ ဒါန်းတိုင်ကျေးရွာအုပ်စု၊ လက်ပန်ကျေးရွာမှာ ကင်းစောင့်နေတဲ့ ပြည်သူ့စစ်အဖွဲ့ ၈ ယောက် မနေ့ည ၁၀ နာရီကျော်က ပစ်ခတ်ခံရတာလို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“ရွာထိပ်မှာ ဆောက်ထားတဲ့ ကင်းစခန်းမှာ လာပစ်သွားတာ။ ပြည်သူ့စစ်ထဲက ၃ ယောက် သေတယ်။ ၂ ယောက် ဒဏ်ရာရတယ်။ သေတဲ့ ၃ ယောက်က ပြည်ခိုင်ဖြိုးပါတီဝင်တွေ။ ဒဏ်ရာရတာက ပြည်သူ့စစ် ၂ ယောက်၊ အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ထွက်ပြေးလို့ လွတ်သွားတာ” လို့ ပြောပါတယ်။
သေဆုံးသူတွေကတော့ ကြံ့ခိုင်ရေးပါတီဝင် ရာအိမ်မှူး ဦးမျိုးမြင့်အောင်၊ ကြံ့ခိုင်ရေးပါတီဝင် ဦးကိုအောင်နဲ့ မူလတန်းကျောင်းအုပ် ဦးဆန်းဦးတို့ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“ရွာတွေမှာ ပြည်သူ့စစ်အဖွဲ့တွေကို အုပ်ချုပ်ရေးနဲ့ ပြည်ခိုင်ဖြိုးရောပြီး ဖွဲ့ထားတာဆိုတော့ ကျောင်းဆရာတွေလည်း ပါတယ်။ ညကဖြစ်စဥ်မှာ ၃ ယောက် သေတယ်။ ရာအိမ်မှူး ၂ ယောက် ဒဏ်ရာရတယ်။ လက်နက်တွေတော့ ပါမသွားဘူး။ တပ်က ရွာမှာ သတင်းပေးရှိတယ်ဆိုပြီး စစ်နေတယ်” ပြောပါတယ်။
လတ်တလောမှာ စစ်ကောင်စီတပ်တွေ လက်ပန်ကျေးရွာကို ရောက်ရှိနေပြီး ဒါန်းတိုင်ကျေးရွာအုပ်စုနဲ့ လက်ပန်၊ ကျောက်မကျစ်ကျေးရွာတို့မှာ စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း လက်ပန်ကျေးရွာမှာ ပြည်သူ့စစ်အဖွဲ့ဝင် ရာအိမ်မှူး ၂ ယောက် ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။