Home
မြန်မာသတင်း
မောင်တောက ရွာ ၁ ရွာကို စစ်တပ်က မီးရှို့၊ မာန်အောင် ဒေသခံ ၈ ဦးကို စစ်တပ် ဖမ်းဆီး
DVB
·
December 23, 2023
Maung Taw_23122023
Man Aung_23122023

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ဒီဇင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်းက ရက္ခိုင့်တပ်တော်အေအေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြီး ကြောင်နဘေကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးခဲ့သလို မာန်အောင်မြို့နယ်မှာ ဒေသခံပြည်သူ ၈ ယောက်ကို စစ်ကောင်စီရေတပ်က ဖမ်းဆီးခဲ့ပါတယ်။

မောင်တောမြို့နယ် ကြောင်နဘေကျေးရွာနားမှာ ဒီဇင်ဘာ ၂၂ ရက် မနက် ၁၁ နာရီကျော်လောက်မှာ အေအေနဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက် အပြန်အလှန် ထိတွေ့တိုက်ပွဲ မိနစ် ၂၀ လောက် ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက် အထိနာသွားတာကြောင့် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ကာ အိမ်ခြေ ၄၀ လောက်ရှိတဲ့ ကြောင်နဘေကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ကြတယ်လို့ အေအေနဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်က ရမ်းသန်းပစ်ခတ်လို့ ရွာသားတွေအားလုံး ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရပြီး အိမ်ခြေဘယ်လောက် မီးလောင်ကျွမ်းခဲ့တယ် ဆိုတာကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ နိုဝင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်းက တကျော့ပြန်တိုက်ပွဲတွေ ပြန်လည် စတင်ပြီးနောက်ပိုင်း ရသေ့တောင်၊ စစ်တွေ၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းမြို့တို့မှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ နေ့ရောညပါ ပစ်ခတ်ခဲ့လို့ ဒေသခံပြည်သူ ၄၀ နီးပါး သေဆုံးပြီး လူ ၁၀၀ ကျော်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မာန်အောင်မြို့နယ်မှာတော့ ဒီဇင်ဘာလ ၂၂ ရက်နေ့ ညပိုင်းမှာ ပန်းချမ်းချောင်းနားရွာနဲ့ ခအုံးမော်ရွာက ဒေသခံပြည်သူ ၈ ယောက်ကို စစ်ကောင်စီရဲ့ မျှော်တော်ဦးရေတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့သူတွေကတော့ ပန်းချမ်းချောင်းနားကျေးရွာက အသက် ၂၇ နှစ်အရွယ် ကိုစိုးဝင်းနိုင်၊ အသက် ၃၃ နှစ်အရွယ် ဦးမောင်သူငယ်နဲ့ ကိုစိုးဝင်းနိုင်ရဲ့ ယောက်ဖတယောက် ပါဝင်ပြီး ခအုံးမော်ရွာဘက်ကလည်း အမျိုးသမီးတွေအပါအဝင် ၅ ယောက်လောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

သူတို့ဟာ ရမ်းဗြဲမြို့နယ်၊ ကင်းချောင်းမှာ ရေလုပ်ငန်း လုပ်ကိုင်ပြီး ကုန်တင်ဘုတ် ၂ စီးနဲ့ ပြန်လာတဲ့အချိန်မှာ စစ်ကောင်စီရဲ့ မျှော်တော်ဦးရေတပ်က လိုက်လံဖမ်းဆီးတာကို ခံခဲ့ရတာလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော်(အေအေ)နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ဒေသခံပြည်သူ ၂၀၀ ကျော် လောက်ကိုအေအေနဲ့ ဆက်စပ်တယ်လို့ သံသယမှုအပြင် ဒေသန္တရဥပဒေတွေနဲ့ ဖမ်းဆီးခဲ့ကြတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024