မက္ကဆီကိုသမ္မတ အန်ဒရေးစ် မန်နူယယ် လိုပဲ့ဇ် အိုဘရာဒေါက သူဟာ အမေရိကန်နယ်စပ်ကို ရောက်ရှိလာဖို့ ကြိုးစားနေတဲ့ ရွှေ့ပြောင်းနေထိုင်သူ စံချိန်တင်အရေအတွက်ကို ကိုင်တွယ် ဖြေရှင်းဖို့ ကြိုးပမ်းနေတာကြောင့် သူ့အစိုးရဟာ အမေရိကန်ထဲ ရွှေ့ပြောင်းအခြေချမှု စီးဆင်းမှုကို ထိန်းချုပ်တားဆီးမယ့် အစီအမံတွေကို မြှင့်တင်ဆောင်ရွက်ဖို့ ရည်ရွယ်ထားကြောင်း ဒီဇင်ဘာ ၂၂ ရက်မှာ ပြောပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ စကားပြောဆိုပြီးနောက် တရက်အကြာမှာ လိုပက်ဇ် အိုဘရာဒေါရဲ့ ဒီမှတ်ချက်တွေ ထွက်ပေါ်လာတာပါ။ အဲဒီအစည်းအဝေးအတွင်းမှာ သမ္မတ နှစ်ယောက်လုံးဟာ စံချိန်တင် တိုးလာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ အရေအတွက်ကြောင့် နယ်စပ် ကုန်သွယ်ရေးကို အနှောင့်အယှက် ဖြစ်စေပြီး သူတို့ရဲ့ ထိစပ်နေတဲ့ နယ်နိမိတ်တွေပေါ်မှာ ဥပဒေအတိုင်း ပိုတင်းကျပ်ဖို့ လိုအပ်ကြောင်း သဘောတူခဲ့ကြပါတယ်။
တိုးပွားလာတဲ့ ရွှေ့ပြောင်းသွားလာမှုကြောင့် အဓိကပို့ကုန်လမ်းကြောင်းကို ဖြတ်တောက်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ လမ်းကြောင်းပိတ်ပြီး ၅ ရက်အကြာမှာပဲ အမေရိကန် ပြည်ထောင်စုဟာ တက္ကဆက်နဲ့ မက္ကဆီကိုကြား ရထားလမ်းဆုံ ၂ ခုကို သောကြာနေ့မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။
အဲဒီဒေသမှာ ရွှေ့ပြောင်းနေထိုင်မှုတွေကို တားဆီးရာမှာ အကူအညီ ပေးတဲ့အတွက် မက္ကဆီကို ကို ကျေးဇူးတင်ရှိကြောင်း အိမ်ဖြူတော်က ပြောပါတယ်။
ရွှေ့ပြောင်းနေထိုင်သူတွေဟာ အကြမ်းဖက်မှု၊ စီးပွားရေးဒုက္ခနဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် အဆိုးသက်ရောက်မှုတွေကနေ လွတ်မြောက်ဖို့ အမေရိကန်ကို ဦးတည်သွားရောက်ကြတာ လို့ ကုလသမဂ္ဂက ဆိုထားပါတယ်။
ကိုလံဘီယာနဲ့ ဗဟိုအမေရိကတို့ကို လမ်းကြောင်းဖြစ်နေတဲ့ အန္တရာယ်ရှိတဲ့ ဒါရီယန်တောနက်ကို ဖြတ်ကူးသူ ဦးရေဟာ အခုနှစ်မှာ ၁ သန်းခွဲကျော် တိုးလာခဲ့ပြီး မနှစ်က စံချိန်တင် ကိန်းဂဏန်းတွေရဲ့ နှစ်ဆ ဖြစ်ပါတယ်။
Source/Photo-Reuters