Home
မြန်မာသတင်း
မြောက်ဦးမြို့တွင် တိုက်ပွဲ ပြင်းထန်၊ ငွေတောင်ပေါက်ရဲစခန်းကို အေအေ သိမ်းပိုက်
DVB
·
December 24, 2023
Myauk U_24122023
Myauk U MyotMa Police_24122023

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ဒီဇင်ဘာ ၂၄ ရက် ဒီနေ့ မနက်ပိုင်းက ရက္ခိုင့်တပ်တော် (အေအေ)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီး မြောက်ဦး ငွေတောင်ပေါက်မြို့မရဲစခန်းကို သိမ်းပိုက်ရရှိထားတယ်လို့ အေအေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

မြောက်ဦးမြို့ပေါ် ငွေတောင်ပေါက်မှာရှိတဲ့ မြို့မရဲစခန်းကို  ဒီမနက် ၃ နာရီ ၅၃ မိနစ်မှာ အေအေက စီးနင်းတိုက်ခိုက်ခဲ့လို့ တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုတွေနဲ့ ၃ နာရီကျော်လောက်ကြာအောင် တိုက်ပွဲပြင်းထန်ခဲ့ပြီး ငွေတောင်ပေါက် မြို့ပေါ် ရဲစခန်းကို အေအေဘက်က သိမ်းပိုက်ထားကာ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို ဆက်လက် တိုက်ခိုက်နေပါတယ်။

မြောက်ဦးမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေကလည်း တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာတွေကို လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ကူပေးခဲ့ကြကာ စစ်ရေးပစ်မှတ်မဟုတ်တဲ့  အရပ်ဘက် ပစ်မှတ်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ကြလို့ ဒေသခံတချို့ သေဆုံး၊ ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပေမဲ့ အရေအတွက်အတိအကျကိုတော့ အတည်မပြုနိုင်သေးပ ါဘူး။

မြောက်ဦးဒေသခံတဦးက “တိုက်ပွဲက တော်တော်ကို ပြင်းထန်ပါတယ်ဗျ။ လက်နက်ကြီး လက်နက်ငယ်သံတွေ အဆက်မပြတ် ပစ်ခတ်သံတွေ ကြားနေရတယ်။ ဒေသခံပြည်သူတွေကတော့ အသက်လုပြီး ဘေးလွတ်ရာနေရာတွေကို ထွက်ပြေး ပုန်းခိုနေကြရတယ်” လို့ ပြောပါတယ်။

မြောက်ဦးမြို့နယ်မှာ ဒီဇင်ဘာလ ၁၂ ရက် မွန်းလွဲပိုင်းမှာလည်း စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ အေအေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်းရှိ ၁၆ မြို့နယ်မှာ အောက်တိုဘာ ၂၇ ရက်ကနေ ဒီဇင်ဘာ ၁၀ ရက်အထိ စစ်ကောင်စီရဲ့ ဗျူဟာကုန်း၊ နယ်ခြားစောင့်စခန်းတွေအပါအဝင် စစ်စခန်းပေါင်း ၁၄၂ခု ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီဇင်ဘာ ၁၄ ရက်မှာ အေအေက ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024