မွန်ပြည်နယ်၊ မုဒုံမြို့မှာ ဒီဇင်ဘာ ၂၃ ရက်ညနေပိုင်းက မီးလောင်လို့ အိမ် ၄ လုံး ဆုံးရှုံးခဲ့ပြီး မန္တလေး၊ အမရပူရမှာလည်း အမှိုက်ပုံ မီးလောင်ခဲ့ပါတယ်။
မုဒုံမြို့၊ မြို့မ ၁ ရပ်ကွက်၊ သင်္ဘောဦးရပ်မှာ ညနေ ၃ နာရီခွဲလောက်က မီးလောင်တဲ့ သတင်းရတာကြောင့် မုဒုံမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ် ၃ စီး၊ မြို့နယ်စည်ပင်က ရေသယ်ယာဉ် ၁ စီး၊ ညောင်ကုန်း အရန်မီးသတ်စခန်းက ရေသယ်ယာဉ် ၁ စီး၊ ဝက်တဲ အရန်မီးသတ်စခန်းက ရေသယ်ယာဉ် ၁ စီး၊ ကျုံဖိုက်အရန်မီးသတ်စခန်းက ရေသယ်ယာဉ် ၁ စီး၊ မုဒုံ အရေးပေါ်ပရဟိတအသင်းက မီးငြှိမ်းသတ်ယာဉ် ၁ စီးနဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ကြရာမှာ ၄ နာရီဝန်းကျင်လောက်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
မီးလောင်မှုကြောင့် သင်္ဘောဦးရပ်ကွက်က နေအိမ် ၄ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ရှို့မီးကြောင့် လောင်ကျွမ်းတာလို့ ဒေသခံတွေက ပြောဆိုနေပေမယ့် မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတွေက မီးလောင်ရတဲ့ အကြောင်းရင်းကို အသေးစိတ် စုံစမ်းစစ်ဆေးနေတယ်လို့ မီးသတ်တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
မွန်ပြည်နယ်ထဲမှာ အခုနှစ်အတွင်း ပေါ့ဆမီးတွေကြောင့် မီးလောင်ဆုံးရှုံးတာတွေ အများအပြားရှိပြီး ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာက မီးဘေးသင့်ပြည်သူတွေ အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
မန္တလေး၊ အမရပူရမြို့နယ်၊ ညောင်ပင်စောက်ကျေးရွာနားက တောင်အင်းမြောက်အင်း အမှိုက်ပုံ ဒီဇင်ဘာ ၂၃ ရက် ညနေ ၅ နာရီလောက်မှာ မီးလောင်တယ်လို့ သတင်းရတာကြောင့် မန္တလေးတိုင်းထဲမှာရှိတဲ့ မီးသတ်စခန်းတွေက မီးငြှိမ်းသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ် ၆ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာမှာ ည ၇ နာရီအချိန်မှာ မီးငြိမ်းခဲ့တယ်လို့လည်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။