မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကော့ကမယ်ကျေးရွာက ဘုရားပွဲမှာ ဒီဇင်ဘာ ၂၁ ညပိုင်းက ဗုံးပေါက်ကွဲခဲ့လို့ ၁ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယွန်းဒလင်းကုန်းကျေးရွာအုပ်စု၊ ကော့ကမယ်ကျေးရွာမှာလုပ်တဲ့ ကိုးနဝင်းစေတီ ဘုရားပွဲ နောက်ဆုံးနေ့ ဒီဇင်ဘာ ၂၁၊ ည ၉ နာရီအချိန်မှာ အမည်မသိ လူ ၂ ယောက်က ဆိုင်ကယ်နဲ့လာရောက်ပြီး လောင်းကစားဝိုင်းဘက်ကို လက်ပစ်ဗုံးနဲ့ ပစ်တာဖြစ်ပြီး လောင်းကစားဝိုင်းနားမှာရှိတဲ့ ဆိုင်ကယ်အပ်တဲ့နေရာမှာ ကျရောက်ပေါက်ကွဲလို့ အသက် ၁၇ နှစ်အရွယ် မောင်ဥက္ကာကျော် သေဆုံးပြီး အမျိုးသား ၄ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဘီလင်းဒေသခံတယောက်က “ဆိုင်ကယ်နဲ့ လူ ၂ ယောက်လာပြီး ဗုံးနဲ့ လာပစ်သွားတာ။ လောင်းကစားဝိုင်းကို ပစ်လိုက်တာလို့ပဲ ထင်တယ်။ အဲဒီကို မရောက်ဘဲ ဆိုင်ကယ် အအပ်ခံတဲ့နားကို ကျပြီး ပေါက်သွားတာ။ ကောင်လေးတယောက်က ပွဲချင်းပြီးပဲ။ ဒဏ်ရာရတဲ့ ယောက်ျားလေး ၄ ယောက်မှာတော့ ၁ ယောက်က တော်တော်စိုးရိမ်ရတယ်” လို့ ပြောပါတယ်။
ဒဏ်ရာရရှိတဲ့ အမျိုးသား ၄ ယောက်ကို ဒေသခံ လူမှုကူညီရေးအဖွဲ့တွေ အကူအညီနဲ့ ဘီးလင်းဆေးရုံကြီးကို ပို့ဆောင်ကုသနေပါတယ်။
ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဝါဒဖြန့်နေတဲ့ နိုင်ငံပိုင်မီဒီယာမှာ PDF တွေက ဗုံး လာရောက်ပစ်သွားတာလို့ပြောပေမဲ့ ဒေသအခြေစိုက် PDF အဖွဲ့ဝင် တယောက်ကတော့ ဘုရားပွဲ ဗုံးပေါက်မှုဟာ သူတို့ပြုလုပ်ခဲ့တာ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။
ဘီလင်းမြို့နယ်၊ ယွန်းဒလင်းကုန်းကျေးရွာအုပ်စုမှာရှိတဲ့ ကော့ကမယ်ရွာ ကိုးနဝင်းစေတီ ဘုရားပွဲကို ဒီဇင်ဘာ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။