အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူ ၇၀၀ လောက်ရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို ဝရမ်းကပ် ချိပ်ပိတ်ခဲ့တယ်လို့ အန်အယ်လ်ဒီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများ ကောက်ယူရေးအဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့အထိ ကောက်ယူထားတဲ့ စာရင်းတွေအရ စစ်ကောင်စီဟာ ပြည်သူ ၆၈၈ ယောက်ရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်ခဲ့ပြီး ဒီထဲမှာ အိမ်၊ ခြံ၊ မြေ ၆၈၀၊ လုပ်ငန်းပိုင်ဆိုင်မှု ၁၁၃ ခု၊ ယာဉ်မျိုးစုံ ၅၂ စီး ပါဝင်တာကြောင့် ပြည်သူတွေရဲ့ အရပ်ရပ် ဆုံးရှုံးနစ်နာမှုပေါင်း ၈၄၅ မှု ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်တပ်က ကျူးလွန်ခဲ့တာတွေကတော့ ခိုးယူ ၅၂ မှု၊ ဝရမ်းကပ် ၃၇ မှု၊ ချိပ်ပိတ်တာ ၆၃၁ မှုတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
မှတ်တမ်းကောင်ယူရေးအဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က “တချို့က ပုဒ်မတွေ အတပ်ခံရလို့ အိမ်ထားခဲ့ပြီး ရှောင်နေသူတွေရဲ့ အိမ်တွေကို ချိပ်ပိတ်တယ်ဆိုပြီး ဗီနိုင်းမကပ်ဘူး၊ ဝရမ်းမကပ်ဘူး၊ ဒီတိုင်း အိမ်ထဲဝင်ပြီး ပစ္စည်းတွေ မွှေနှောက်တယ်၊ ယူသွားတယ်။ တချို့ရွာတွေမှာလည်း ဒီလိုပဲ စစ်ကြောင်းထိုးလာတယ်၊ ထွက်ပြေးကြတယ်။ ဒီချိန်မှာ မီးမရှို့ပေမဲ့ အိမ်ထဲကပ စ္စည်းတွေ ယူသွားကြတယ်။ တချို့ကိုယ်စားလှယ်တွေ အိမ်ကျတော့လည်း ချိပ်လည်း ပိတ်တယ်၊ ပစ္စည်းတွေကိုလည်း အကြိမ်ကြိမ် ကားတွေနဲ့တိုက်ပြီးကို သယ်သွားတယ်။ ပိုင်ရှင်မရှိဘဲ ယူတာတွေမို့ မွှေနှောက်ခိုးယူတယ်လို့ သတ်မှတ်ပါတယ်ရှင်” လို့ ပြောပါတယ်။
ဒီထဲမှာ အန်အယ်လ်ဒီပါတီဝင် ၁၉၁ ယောက်နဲ့ ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၁၈၂ ယောက်ရဲ့ အိုးအိမ်နဲ့ ပိုင်ဆိုင်မှုတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
အဲဒီပါတီဝင်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အိမ်၊ ခြံ၊ မြေ ၃၉၀၊ လုပ်ငန်းပိုင်ဆိုင်မှု ၆၄ ခုနဲ့ ယာဉ်မျိုးစုံ ၁၆ စီးတို့ကို စစ်ကောင်စီနဲ့ အပေါင်းအပါတွေက ခိုးယူတာ၊ ဝရမ်းကပ်တာနဲ့ ချိပ်ပိတ်တာတို့ကို ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီစာရင်းတွေဟာ စက်တင်ဘာ ၁၅ ရက်နေ့အထိ လက်လှမ်းမီသလောက် ကောက်ယူ ရရှိထားတဲ့ စာရင်းတွေပဲဖြစ်ပြီး တကယ့်မြေပြင်မှာတော့ ဒါထက်ပိုနိုင်တယ်လို့လည်း ဆိုပါတယ်။