Home
ဆောင်းပါး
ကုလအကူအညီ စစ်ရှောင်ပြည်သူတွေဆီ ရောက်မှာလား
DVB
·
December 23, 2023
Article_23122023

၁၀၂၇ စစ်ဆင်ရေးနဲ့အတူ အရှိန်အဟုန်ပြင်းလှတဲ့ စစ်ဆင်ရေးတွေရဲ့ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေနဲ့အတူ ကျွဲကူးရေပါ စစ်ရှောင်ပြည်သူတွေလည်း ရက်ရက်စက်စက် တိုးလာခဲ့တယ်။ မြို့တမြို့မှာ တိုက်ပွဲဖြစ်ပြီဆို မြို့ခံတွေက တန်ဖိုးရှိတာလေး ထုပ်ပိုးကာ ကျန်တဲ့ပစ္စည်းတွေ ဖြစ်ချင်ရာဖြစ် ကိုယ့်အသက်ကိုယ် နှမြောတော့လည်း ပြေးကြရတယ်။

စစ်တပ်က အခြေအနေမဟန်ဘူးဆိုရင် လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူ ခေါ်တာက အစဉ်အလာတရပ်လို ဖြစ်နေသလို စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကလည်း ထိချင်ရာထိ တာဝန်မရှိတာကြောင့် ပြည်သူတွေ ပြေးကြရ။ လူမရှိတဲ့အိမ်တွေကို စစ်အုပ်စုဝင်တွေနဲ့ သူခိုးတွေက အလွယ်တကူ တက်ခိုးကြတာကြောင့် တချို့ပြည်သူတွေကျ ယောကျ်ားသား အိမ်စောင့်တယောက်လောက် ထား။ ဘယ်လိုမှ အခြေအနေမဟန်တော့မှသာ ပြေးကြရ။

တချို့ကျ ပြေးစရာမြေက မရှိတော့ ဖြစ်ချင်ရာဖြစ် မြို့အစွန်အဖျားက ဘုန်းကြီးကျောင်းတွေမှာ တထိတ်ထိတ်နဲ့ ဝင်ရောက်ခိုလှုံကြရ။ စစ်တပ်က ဘုန်းကြီးကျောင်းတွေ ဘာတွေလည်း နားမလည်တော့ ဒီဇင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ ကော့ကရိတ်အမြောက်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကော့ကရိတ်မြို့ပေါ် အမှတ် ၂ ရပ်ကွက်ရှိ မြို့တော်ဦး ဘုန်းကြီးကျောင်းထဲ ကျရောက်။ ဆရာတော်တပါး ပျံလွန်၊ ၂ပါးက ပြင်းထန်ဒဏ်ရာရရှိ။

“သံဃာမှန်းမသိ၊ ဘုရားမှန်းမသိသော မိစ္ဆာအမိုက်ကောင် စကစလက်အောက်ခံ အကြမ်းဖက်များ၏ အန္တရာယ်မှ ကင်းဝေးရန် ဘေးလွတ်ရာသို့ ကြွရောက်သီတင်းသုံးကြပါရန် သံဃာတော်အရှင်မြတ်တို့အား ရိုသေစွာ လျှောက်ထားတောင်းပန်အပ်ပါသည်” တဲ့။ ကျားဖြူစစ်ကြောင်းက အဲဒီလို ထုတ်ပြန်ခဲ့တယ်။

အခု နိုဝင်ဘာ ၈ ရက်နေ့ကတည်းက မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ဆိုရင် မြို့တဝက်ကျော်က လက်နက်ကြီးကျ၊ ဗုံးကြဲဒဏ်ကြောင့် မီးလောင်ပျက်စီး ကြေမွ။ နိုဝင်ဘာ ၈ ရက်ကနေ ဒီဇင်ဘာ ၁၉ ရက်အထိ ထီးချိုင့်မြို့ကို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၅၀ ကျော်ပြီတဲ့။ ဒေသတွင်း တော်လှန်ရေးစာမျက်နှာ Tigyaing Revolution ရဲ့ ထုတ်ပြန်ချက်က ပါးစပ်အဟောင်းသားဖြစ်ရ။ ဒီလောက် လက်နက်ကြီးနဲ့ပစ်၊ လေကြောင်းကနေ ဗုံးကြဲနေတာကြောင့် ထီးချိုင့်မြို့ခံတွေလည်း ကိုယ့်အသက်ကိုယ်ပိုက်ကာ ပြေးကြရတာ ကြာလှပေါ့။

ပြေးကြရတဲ့ အပြေးက ကိုယ့်အိမ်ကိုယ် ဘယ်တော့ပြန်ရောက်မလဲဆိုတာ မှန်းဆလို့မရတဲ့ အပြေးမျိုး။ ကိုယ့်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းလိုက်ပြီဆိုရင်တောင် စစ်တပ်က လေယာဉ်နဲ့ ပစ်ခတ်ဗုံးကြဲလိုက်၊ လက်နက်ကြီးနဲ့ ထိချင်ရာထိ ပစ်လိုက်ဆိုတော့ မြို့သိမ်းပြီးလည်း ပြန်နေဖို့ဆိုတာ အသက်တဝက် ပေးထားရသလိုမျိုး တထိတ်ထိတ်ဖြစ်ရ။ ပြည်သူတချို့က ပြေးစရာ နေစရာ ရပ်တည်ရခက်တော့လည်း ဖြစ်ချင်ရာဖြစ် ကိုယ့်မြို့ကိုယ် ပြန်လာကြရတယ်။

အခု ၁၀၂၇ စစ်ဆင်ရေးကစလို့ စစ်ပြေးဒုက္ခသည် ၅ သိန်းကျော်သွားပြီလို့ သိရတယ်။ ကုလသမဂ္ဂရဲ့ နောက်ဆုံးစာရင်းအရဆိုရင် မြန်မာနိုင်ငံတဝန်း နေရပ်စွန့်ခွာဦးရေ ၂ ဒသမ ၆ သန်း ကျော်သွားပြီလို့ ဆိုပါတယ်။ ၂ သန်းခွဲကျော်သော ပြည်သူတွေရဲ့ စစ်ရှောင်ဘဝ ဘယ်လောက်ထိအောင် ခက်ခဲလိုက်လေမလဲ၊ မတွေးရဲစရာတွေ အပြည့်။

ကုလသမဂ္ဂက ဆက်ပြောတယ်။ မြန်မာနိုင်ငံတွင်း လူဦးရေစုစုပေါင်းရဲ့ သုံးပုံတပုံနီးပါး (၁၈ ဒသမ ၆ သန်း) ဟာ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်တဲ့။ အဲဒီလိုအပ်ချက်ဟာ ၂၀၂၂ ခုနှစ်ကထက် လူဦးရေ ၁ သန်း များလာတာဖြစ်ပြီး အာဏာမသိမ်းမီ လွန်ခဲ့တဲ့ ၃ နှစ်ကထက် ၁၉ ဆနီးပါး မြင့်တက်လာတာတဲ့။

ဒီအကျပ်အတည်းမှာ ကလေးတွေလည်း ခါးစည်းခံရ၊ အိုးမဲ့အိမ်မဲ့၊ စားနပ်ရိက္ခာ မလုံလောက်၊ အာဟာရချို့တဲ့။ စီးပွားရေးအဆင်မပြေတာကြောင့် များစွာသော မိသားစုတွေဟာ ငွေကြေးဆိုင်ရာ ဖိအားကြီးကြရ။ ကုလသမဂ္ဂအနေနဲ့ လာမယ့် ၂၀၂၄ ခုနှစ်အတွင်း မြန်မာပြည်သူ ၅ ဒသမ ၃ သန်းကို အရေးပေါ် ဦးစားပေးကူညီဖို့ လျာထားပြီး အဲဒီအတွက် အမေရိကန်ဒေါ်လာ ၉၉၄ သန်း လိုအပ်မယ်လို့လည်း ဆိုပါတယ်။

ဂျာမနီနိုင်ငံကတော့ မြန်မာလူသားချင်းစာနာမှုရန်ပုံငွေထဲ နောက်ထပ် ယူရို ၂ သန်း ထည့်ဝင်ဦးမယ်ဆိုတော့ စုစုပေါင်း ယူရို ၆ သန်းခွဲ။ ဂျာမနီဟာ လက်ရှိအချိန်ထိ ရန်ပုံငွေအများဆုံး ထည့်ဝင်ထားတဲ့နိုင်ငံ ဖြစ်ကြောင်းလည်း UNOCHA Myanmar က ထုတ်ပြန်ပါတယ်။

ဟုတ်ပြီ။ လိုအပ်နေတဲ့ ကန်ဒေါ်လာ ၉၉၄ သန်း ရပြီပဲထားဦးတော့။ အဲဒီငွေတွေနဲ့ပေးမယ့် အကူအညီတွေဟာ မြန်မာပြည်သူ ၅ ဒသမ ၃ သန်း လက်ထဲရော အမှန်တကယ် ရောက်မှာလားလို့ မေးခွန်းထုတ်ရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ စစ်ရှောင်ပြည်သူမပြောနဲ့။ ဒီနှစ်ထဲ ဖြစ်ပွားခဲ့တဲ့ မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်က ပြည်သူတွေကိုတောင် စစ်အုပ်စုက ပိတ်ဆို့တားဆီး ကန့်သတ်မှုတွေ လုပ်တာကြောင့် မြန်မာနိုင်ငံအခြေစိုက် ကုလအဖွဲ့အစည်းတွေ ပေးချင်တိုင်း ပေးလို့မရခဲ့တာ အားလုံးမျက်မြင်ပါပဲ။ ဆိုတော့ စစ်တပ်က ပစ်ချင်တိုင်းပစ်လို့ ပြေးရတဲ့ စစ်ရှောင်ပြည်သူတွေအပေါ် ကုလက စာနာမှုအကူအညီပေးဖို့ ဆိုတာကို စစ်အုပ်စုက ဘယ်လောက်ထိ ကြည်ဖြူမှာလဲလို့ တွေးကြည့်စရာတောင် မလိုပါဘူး။

UNOCHA Myanmar ရဲ့ ဒီဇင်ဘာ ၇ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာတော့ “ဘာသာရေးနဲ့ ရပ်ရွာအခြေပြု အဖွဲ့အစည်းတွေအပြင် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေနဲ့ ပဋိပက္ခဒဏ်သင့် ရပ်ရွာတွေကို ဝင်ရောက်ကူညီနိုင်သမျှ နေရာတိုင်းမှာ နည်းလမ်းအမျိုးမျိုးကို အသုံးပြုပြီး အရေးပါတဲ့ လူမှုကယ်ဆယ်ရေးအကူအညီတွေ ဆက်လက်ပံ့ပိုးလျက်ရှိပါတယ်” လို့ ဆိုထားပါတယ်။ အဲဒီထုတ်ပြန်ချက်အရဆိုရင် ကုလအဖွဲ့အစည်းတွေဟာ မြေပြင်မှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စစ်ရှောင်တွေကို ကူညီနေတဲ့ အဖွဲ့လေးတွေကနေတဆင့် စစ်ရှောင်တွေဆီ ပံ့ပိုးပေးနေတယ်လို့ ယူဆရပါမယ်။ အဲဒီလို ကူညီမှုတွေက စစ်ရှောင်ဘယ်နှစ်ဦးကို အကူအညီပေးခဲ့နိုင်သလဲ ဆိုတာတော့ မဖော်ပြထားပေမဲ့ လမ်းကြောင်းအသစ်တွေနဲ့ စစ်ရှောင်တွေကို အကူအညီပေးဖို့ ကြိုးစားတဲ့အပေါ် ကြိုဆိုရပါမယ်။

UNOCHA Myanmar ရဲ့ အဲဒီထုတ်ပြန်ချက်ကို ဖတ်ရတော့ ဒီနှစ် အောက်တိုဘာ ၉ ရက်၊ S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ပြန်အမှတ်ရမိပါတယ်။ S&C ဆိုတာက စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ပြည်သူတွေကို ကူညီနေတဲ့အဖွဲ့။ NGO နဲ့ INGO အဖွဲ့အစည်းတွေက S&C နဲ့  ဆက်သွယ်ကာ မြေပြင်အခြေအနေတွေ မေးမြန်း၊ မြေပြင်အချက်အလက်တွေ ကောက်ယူခိုင်း၊ အစည်းအဝေးတွေ အကြိမ်ကြိမ်ဖိတ်၊ အချက်အလက်တွေ ရရှိပြီးနောက်မှာတော့ မရေရာတဲ့ အကြောင်းပြချက်မျိုးစုံနဲ့ ကူညီထောက်ပံ့မှုတခုမှ မပေးဘဲ အဆုံးသတ်သွားခဲ့တယ်တဲ့။ ဒါကြောင့် မြေပြင်အချက်အလက်တွေရပြီးနောက် ပေါ်မလာဇာတ်ကားရိုက်သွားတဲ့ NGO၊ INGO တွေ မဆက်သွယ်ကြဖို့ S&C က ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါတယ်။

S&C ဆိုတာက ပြည်သူတွေရဲ့ အကူအညီနဲ့ စစ်ဘေးသင့်ပြည်သူတွေဆီ ပြန်လည်ကူညီပေးနေတဲ့အဖွဲ့ဖြစ်ပြီး ဒီအဖွဲ့ရဲ့ လုပ်နိုင်စွမ်းအား ကောင်းလှတဲ့အဖွဲ့ဆိုတာ အားလုံးမျက်မြင်ပါပဲ။ မြန်မာနိုင်ငံအတွင်းက S&C တို့လို အဖွဲ့မျိုးတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေက အသေအချာ ပံ့ပိုးပေးနိုင်မယ်ဆိုရင် မြေပြင်မှာ တကယ် အကူအညီလိုအပ်နေတဲ့ စစ်ရှောင်တွေဆီ စာနာမှုအကူအညီ ရောက်ရှိမှာလည်း သေချာပါတယ်။

သေချာတာကတော့ ကုလနဲ့ မိတ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ စစ်အုပ်စု ခွင့်ပြုချက်နဲ့အညီ စစ်အုပ်စု ခွင့်ပြုသလောက်သာ စစ်ရှောင်ပြည်သူတွေကို ထောက်ပံ့မယ်ဆိုရင်တော့ မျှော်မှန်းထားသလောက်ရဲ့ တဝက်ကိုတောင် ရောက်မယ်မထင်ပါဘူး။

စစ်ရှောင်ပြည်သူတွေဆီ အရောက်နိုင်ဆုံးနဲ့ အကောင်းဆုံးနည်းလမ်းက NUG အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကနေတဆင့် ထောက်ပံ့ရေးပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအခြေစိုက် ကုလအဖွဲ့အစည်းတွေက စစ်အုပ်စုမပြုတ်မချင်း စစ်အုပ်စု လက်ညှိုးညွှန်ရာနဲ့အညီ စစ်ခေါင်းဆောင်တွေရဲ့ ကြည်ဖြူမှုကိုသာ ခံယူနေဦးမှာ သေချာပါတယ်။

ဒါ့ကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ မြေပြင်မှာ စစ်ရှောင်ကူညီရေးလုပ်ငန်းတွေကို အမှန်တကယ်လုပ်နေတဲ့ အဖွဲ့တွေကို ထောက်ပံ့ပေးခြင်းနည်းနဲ့ စစ်ရှောင်ပြည်သူတွေကို ကူညီကြဖို့ အကြံပြုလိုက်ချင်ပါတယ်။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024