အိန္ဒိယနိုင်ငံတောင်ပိုင်း၊ တမီလ်နာဒူးပြည်နယ်မှာ မုတ်သုံမိုး သည်းသည်းထန်ထန်ရွာခဲ့လို့ အခုသီတင်းပတ်အစောပိုင်းက ရုတ်တရက် ရေကြီးရေလျှံခဲ့ပြီးတဲ့နောက် လယ်မြေတွေ အပါအဝင် ရေဘေးသင့် သူးသုခုဒီခရိုင်က နေရာအများအပြား ရေအောက်မြုပ်နေပြီး စိုက်ပျိုးမြေတွေကို အညိုရောင်ရေတွေ ဖုံးလွှမ်းထားပါတယ်။
ပြည်နယ်တဝန်းက ခရိုင်အများအပြားမှာ စိုက်ခင်းသီးနှံတွေ အပါအဝင် လယ်မြေဧက တသိန်းခွဲကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။
မိုးရွာလို့ ရေကြီးရေလျှံတာတွေ မတော်တဆမှုတွေဖြစ်ခဲ့တဲ့အတွက် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံမီဒီယာက ပြောပါတယ်။
ဒီဇင်ဘာ ၁၇ ရက်ကနေ ၁၈ ရက်အတွင်း ပြည်နယ် တချို့မှာ မိုးရေချိန် (၁၅ ဒသမ ၇ လက်မ) ကျော်ရွာပြီးတဲ့နောက် မိုးသည်းကြီးမည်းကြီး ရွာဦးမယ်လို့ အိန္ဒိယမိုးလေဝသဌာန (MET) က ခန့်မှန်းထားပါတယ်။
အခုလအတွင်း ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ “မိကျောင်း” ဆိုင်ကလုန်း မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့ရာက တမီလ်နာဒူးပြည်နယ် ပြန်နာလန်ထူချိန်မှာ ထပ်ပြီး ရေလွှမ်းမိုးမှု ဖြစ်ခဲ့လို့ လူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
Source/Photo-Reuters